ယူနိုက်တက်ပရိသတ်တွေဟာ သူတို့ရဲ့ နည်းပြ တန်ဟက်ခ်ကို ဆင်ခြေတွေပေးတာ ရပ်တန့်ဖို့ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ပြောကြားနေကြပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပထမကစားသမား အများအပြား ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။
အဲဗာတန်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမတိုင်ခင်မှာလည်း ပထမအသင်း ကစားသမား (၁၀) ယောက်လောက်က ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အက်စတွန်ဗီလာနဲ့ စပါးတို့ ဒီတစ်ပတ် ထိပ်တိုက်တွေ့ဆုံနေချိန်မှာ ယူနိုက်တက်တို့ အဆင့် (၄) နေရာအတွက် အခွင့်ကောင်း ယူဖို့ လိုအပ်နေပါတယ်။
ဒါပေမယ့် တန်ဟက်ခ်ကတော့ “ကျွန်တော်တို့သာ ပထမ ကစားသမားတွေ ဒဏ်ရာပြဿနာမရှိဘူးဆိုရင် (၇၅) ပွဲလောက်ကို အေးဆေး အနိုင်ကန်နိုင်ပါတယ်။ ဒါက ဒီအသင်းမှာ တောက်ပတဲ့ အနာဂတ်ရှိနေတယ်၊ ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်းကို သွားနေတယ်ဆိုတာကို ပြောနေတာပါပဲ”
“အခြားနည်းပြတွေ၊ အသင်းတွေ၊ အရင်နည်းပြတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့မှာ တောက်ပတဲ့ အနာဂတ်မရှိနေတာကို ခင်ဗျားတို့လည်း မြင်နိုင်မှာပါ။ လက်ရှိအသင်းမှာ လူငယ်တွေ၊ အရွယ်အလယ်အလတ်တန်းစားတွေရှိနေပါတယ်။ သူတို့ကို သုံးလို့ရပြီလို့ ခင်ဗျားတွေးလိုက်ပါ။ ပွဲ (၁၀၀) မှာ (၇၅) ပွဲလောက် နိုင်ပါလိမ့်မယ်။ ဒါက ကြီးမားတဲ့ ကွာဟချက်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ တန်ဟက်ခ်ရဲ့ ဒီမှတ်ချက်ကို ဒေါသထွက်နေပြီး လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့လည်း ဒဏ်ရာပြဿနာတွေကြားက ပွဲတွေကို အနိုင်ကစားနေကြောင်း၊ ဒီနည်းပြကို အရမ်းကို ဆင်ခြေများလွန်းပြီး ပါးစပ်ဟလိုက်တာနဲ့ ဆင်ခြေပေးဖို့ပဲရှိနေကြောင်း ပြစ်တင်ဝေဖန်နေကြပါတယ်။