အမ်ဘာပေတယောက် ဥရောပကို လွှမ်းမိုးဖို့ ပြောကြားလာခဲ့တာပါ။

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အမ်ဘာပေက သူတို့အနေနဲ့ လာမယ့်နှစ်မှာ ပီအက်စ်ဂျီကို ဘယ်သူမှမထိရဲတဲ့ အသင်းတသင်းဖြစ်အောင် ပြန်လည် တည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဥရောပကိုပါ လွှမ်းမိုးနိုင်အောင် ကြိုးစားမယ်လို့လည်း အမ်ဘာပေက ပြောပါတယ်။



အမ်ဘာပေဟာ ပြီးခဲ့တဲ့လအတွင်းမှာ ပီအက်စ်ဂျီနဲ့ (၂၀၂၅) အထိ သက်တမ်းရှိ စာချုပ်သစ်တရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီကစားသမားက ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ၊ နည်းပြတို့ကို သူ့စိတ်ကြိုက် ရွေးချယ်ခန့်အပ်နိုင်ပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ အနာဂတ်ကိုလည်း အမ်ဘာပေက ဆုံးဖြတ်ပိုင်ခွင့်ရှိလာပါတယ်။

အခုချိန်မှာ အသင်းရဲ့ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ အမ်ဘာပေက “ကျနော်တို့က ပြင်သစ်လီဂူးမှာ ဘယ်အသင်းမှ လာမထိရဲတဲ့အသင်းတသင်းဖြစ်ချင်ပါတယ်။ ဒါက ပြင်သစ်လီဂူးပြိုင်ပွဲကို သတ်ပစ်လိုက်တာမျိုး ဖြစ်နေသည့်တိုင်အောင်ပေါ့။ အဲ့ဒီနောက်မှာတော့ ကျနော်တို့ ဥရောပကိုပါ လွှမ်းမိုးသိမ်းပိုက်ချင်ပါတယ်” လို့ ပြောကြားလာခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပြင်သစ်လီဂူးမှာ ဘယ်အသင်းမှမယှဥ်နိုင်တဲ့အသင်းတသင်းဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဒုတိယနေရာက အသင်းကို (၁၅) မှတ်ဖြတ်ကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါပေမယ့် ဥရောပမှာတော့ ပီအက်စ်ဂျီက အောင်မြင်မှုရဖို့ ဝေးကွာနေဆဲဖြစ်ပါတယ်။

ဒီအသင်းက ချန်ပီယံဖြစ်သွားတဲ့ ရီးရဲလ်မက်ဒရစ်ကို ရှုံးထွက် (၁၆) သင်းအဆင့်မှာတင် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ပီအက်စ်ဂျီ အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီက ချန်ပီယံလိဂ်ဖလားကို အသည်းအသန် လိုချင်နေတဲ့သူတယောက်ဖြစ်ပြီး အမ်ဘာပေကလည်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က