မက်ဆီရဲ့ ပီအက်စ်ဂျီကစားသမားဘဝ နောက်ဆုံးပွဲကို ကစားခဲ့ပြီးတဲ့နောက် ပရိသတ်ပေါင်း အနည်းဆုံး (၆) သိန်းက ပီအက်စ်ဂျီရဲ့ အင်စတာဂရမ်အကောင့်ကို Unfollow လုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ကလေမောင့်ကို ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူးပွဲမှာ မက်ဆီက ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးပွဲကို ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲရဲ့ ပွဲထွက်ကစားသမားစာရင်းကို ကြေညာချိန်မှာ မက်ဆီရဲ့နာမည်ကို ကြေညာခဲ့တဲ့နောက် ပီအက်စ်ဂျီပရိသတ်တွေဆီက လှောင်ပြောင်သံတွေ ထွက်ပေါ်လာခဲ့ပြီး ပွဲချိန်အတွင်း မက်ဆီ ဂိုးမသွင်းနိုင်ခဲ့တဲ့နောက်မှာလည်း ပီအက်စ်ဂျီ ပရိသတ်တွေက မက်ဆီကို လှောင်ပြောင်ခဲ့ကြပါသေးတယ်။ ပီအက်စ်ဂျီပရိသတ်တွေဟာ မက်ဆီကို မျက်မုန်းကျိုးနေကြပြီး အခုလိုမျိုး နောက်ဆုံးပွဲအထိ လှောင်ပြောင်ခဲ့ကြတာပါ။
ဒါပေမယ့် ဒီပွဲအပြီး နာရီပိုင်းအကြာမှာတော့ ပီအက်စ်ဂျီရဲ့ တရားဝင်အင်စတာဂရမ်အကောင့်ကို Unfollow လုပ်ခဲ့သူအရေအတွက်က (၆) သိန်းအထိ ရှိခဲ့ကြောင်း သိရှိရပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီထက် ပုံရိပ် ပိုမိုကြီးမားတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ သူ ကမ္ဘာ့ဖလားကိုင်မြှောက်ထားတဲ့ပုံရဲ့ Like အရေအတွက်က အင်စတာဂရမ်မှာ သမိုင်းတစ်လျှောက် အများဆုံးဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် အခုလိုမျိုး မက်ဆီတစ်ယောက် ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့တဲ့နောက် သိန်းနဲ့ချီတဲ့ ပရိသတ်အရေအတွက်က ပီအက်စ်ဂျီကို Unfollow လုပ်ခဲ့တာ အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါ့အပြင် ပီအက်စ်ဂျီပရိသတ်တွေဟာ ဘောလုံးရာသီ မပြီးဆုံးခင် လပိုင်းအလိုကတည်းက မက်ဆီကို အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒပြခဲ့ကြပါတယ်။
မက်ဆီကို ဒီလိုမျိုးလှောင်ပြောင်နေခဲ့ကြပေမယ့် ပီအက်စ်ဂျီပရိသတ်တွေက သူတို့ရဲ့ ပြင်သစ်သားလေး အမ်ဘာပေကိုတော့ အမြဲလိုလို ကာကွယ်ပေးခဲ့တာကြောင့် အခြားသော ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေဟာ တိုက်စစ်ပိုင်းမှာ မက်ဆီအပြင် နေမာကိုလည်း ပစ်မှတ်ထား လှောင်ပြောင်ခဲ့ပြီး အမ်ဘာပေကိုတော့ ခြေစွမ်းမပြနိုင်ချိန်မှာတောင် မသိကျိုးကျွံပြုခဲ့ကြပါတယ်။