ညဥ့်နက်ပိုင်းအထိ ဖွင့်လှစ်ရောင်းချနေတဲ့ ဘားဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ မြို့ခံတွေ တန်းစီနေခဲ့ကြပါတယ်

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ COVID-19 ကူးစက်မှုတွေကြောင့် ၁၀၇ ရက်ကြာ lockdown သတ်မှတ်ထားမှု အဆုံးသတ်လိုက်ပြီဖြစ်ရာ မြို့ခံတွေ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြပြီ ဖြစ်ပါတယ်။

Lockdown ပယ်ဖျက်လိုက်ပြီးနောက် ယမန်နေ့ (အောက်တိုဘာ ၁၀ ရက်) ညသန်းခေါင်းနဲ့ ယနေ့ (အောက်တိုဘာ ၁၁ ရက်) မနက်အကူးအထိ ဖွင့်လှစ်ရောင်းချနေတဲ့ ဘားဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ မြို့ခံလူတွေ တန်းစီနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အခြား မြို့ခံအများအပြားကလည်း မိတ်ဆွေများနဲ့ ပြန်ဆုံကြသလို ဆွေမျိုးနဲ့ မိတ်ဆွေတွေရဲ့ အိမ်တွေဆီကို အလည်သွားကြပြီး lockdown ကနေ လွတ်မြောက်လာမှုအတွက် အောင်ပွဲခံခဲ့ကြပါတယ်။



(ကော်ဖီဆိုင်ထိုင်နိုင်ပြီဖြစ်တဲ့ ဆစ်ဒနီမြို့ခံများ) (Photo: EPA)

ဆစ်ဒနီမှာ COVID-19 ကူးစက်မှုမြင့်တက်နေစဥ်က နေအိမ်တွေဆီ အလည်သွားခွင့်နဲ့ ၃.၁ မိုင်ထက်ကျော်လွန်ကာ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခဲ့ပြီး မိသားစုအများအပြားကို ခွဲခြားထားခဲ့ပါတယ်။ ယခုအခါမှာတော့ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူတွေအတွက် lockdown ပိတ်ပင်ကန့်သတ်ချက် အများစုကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဆစ်ဒနီမြို့မှာ ပြန်ဖွင့်လာကြတဲ့ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ အတူတကွ စားသောက်နိုင်ကြပြီလို့ ဆိုပါတယ်။ ထို့အတူ ကိုယ်လက်ကြံ့ခိုင်ရေး အားကစားခန်းမ၊ စာကြည့်တိုက်နဲ့ ရေကူးတွေကိုလည်း သွားခွင့်ရပြီလို့ သိရပါတယ်။ Lockdown ပယ်ဖျက်လိုက်တဲ့ ယနေ့ (အောက်တိုဘာ ၁၁ ရက်) မှာ ဆစ်ဒနီမြို့ရှိ ဆံပင်ညှပ်ဆိုင်နဲ့ လက်သည်းအလှပြင်ခန်းမတွေမှာ တန်းစီစောင့်ဆိုင်းနေသူတွေ အများအပြားရှိနေခဲ့ပါတယ်။

(ဘီယာသောက်ရင်း အောင်ပွဲခံနေတဲ့ NSW ပြည်နယ်ဝန်ကြီးချုပ်) (Photo: Dean Lewins / AAP)

New South Wales (NSW) ပြည်နယ်မှာ ၁၆ နှစ်အထက် COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၇၀ ရာခိုင်နှုန်းရှိလာခဲ့ပြီးနောက် ဩစတြေးလျရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီမြို့မှာ lockdown သတ်မှတ်ထားမှုကို အာဏာပိုင်တွေက အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ၁၆ နှစ်အထက်တွေမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၈၀ ရာခိုင်နှုန်းရှိလာပါက ကန့်သတ်ချက်တွေကို ပိုမိုဖြေလျှော့သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ NSW ပြည်နယ်အတွင်း ၁၆ နှစ်အထက် ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ ၉၀ ရာခိုင်နှုန်းရှိကြောင်းလည်း သိရပါတယ်။ "ခက်ခဲတဲ့ ရက်ပေါင်း ၁၀၀ ကျော်ပါပဲ၊ ဒါပေမဲ့ ပြည်နယ်တစ်ဝန်းလုံးက ပြည်သူတွေ ကာကွယ်ဆေးထိုးဖို့ အားထုတ်ကြိုးပမ်းမှုက ဒီလိုနေ့ရက်ကောင်းကို ရောက်လာစေခဲ့ပါတယ်" ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က ပြောပါတယ်။

(ဆံပင်ညှပ်ဆိုင်မှာ တန်းစီနေသူများ) (Photo: Melanie Withnall / ABC News)

NSW ပြည်နယ်ဟာ COVID-19 ကူးစက်မှုတွေ မြင့်တက်လာခြင်းအတွက် အသင့်ပြင်ထားကြောင်းနဲ့ ကျန်းမာရေးစနစ်ကို သီတင်းပတ်ကြာ ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ၎င်းကဆိုပါတယ်။ "ဆေးရုံတက်ရမှုတွေ မြင့်တက်လာတာ မြင်ရပါလိမ့်မယ် ... ဒါပေမဲ့ ကျွန်တော်တို့က ဗိုင်းရက်စ်နဲ့အတူ နေထိုင်ဖို့ လေ့လာသင်ယူဖို့ လိုပါတယ်" လို့ Dominic Perrottet က ပြောပါတယ်။

NSW ပြည်နယ်ဟာ ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း စစ်ဆေးမှုစနစ်ကို ဆောင်ရွက်ထားခြင်းမရှိသေးဘဲ ကာကွယ်ဆေးထိုးခြင်းကို လူတစ်ဦးချင်းစီရဲ့ကိစ္စအဖြစ်သာ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဆစ်ဒနီမြို့မှာ ဗီဇပြောင်း ဒယ်လ်တာ (Delta) ဗိုင်းရပ်စ် ကူးစက်မှုရှိလာခဲ့ပြီးနောက် ဇွန်လနှောင်းပိုင်းမှစပြီး lockdown သတ်မှတ်ထားခဲ့ပါတယ်။ ဆစ်ဒနီမှာ ကူးစက်ခံရသူ ၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၃၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က