ယိုစိမ့်ထွက်ကျနေတဲ့ လောင်စာဆီတွေကို ရယူရန်ကြိုးပမ်းခဲ့စဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်

ဆီရာလီယွန်နိုင်ငံ မြို့တော် ဖရီးတောင်းမြို့မှာ လောင်စာဆီတင်ယာဥ်နဲ့ ကုန်တင်ယာဥ် တိုက်မိခဲ့ရာမှ ကြီးမားတဲ့ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉၈ ဦး သေဆုံးခဲ့ပါတယ်။

အသွားအလာ ရှုပ်ထွေးတဲ့ လမ်ဆုံးတစ်နေရာမှာ ယာဥ်တိုက်မှုဖြစ်ခဲ့ရာမှ လောင်စာဆီများ ယိုစိမ့်ထွက်ကျခဲ့ရာမှ မီးစလောင်ခဲ့ကာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးဖြစ်ပြီး မီးလောင်မှုကြီးက အနီးမှာရပ်ကြည့်နေသူတွေနဲ့ ဖြတ်သွားဖြတ်လာ ကားတွေကို ဝါးမျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံမီဒီယာက ထုတ်လွှင့်ပြသတဲ့ မှတ်တမ်းတွေအရ လောင်စာဆီတင်ယာဥ်ပတ်လည်မှာ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းတွေကို တွေ့ရပါတယ်။



(Photo: Getty Images)

အခင်းဖြစ်နေရာကို လာရောက်ကြည့်ရှုခဲ့ပြီးနောက် ဆီရာလီယွန် ဒုသမ္မတ Mohamed Juldeh Jalloh က နိုင်ငံတော်ဆိုင်ရာ ဘေးအန္တရာယ်တစ်ခုလို့ ပြောခဲ့ပါတယ်။ ယခုဖြစ်ရပ်မှာ ဒဏ်ရာရသူတွေကို အခမဲ့ ဆေးကုသပေးမယ်လို့လည်း ၎င်းကဆိုပါတယ်။ လောင်စာဆီတင်ယာဥ် ပေါက်ကွဲမီးလောင်မှုအတွင်း လူ ၉၂ ဦးခန့်လည်း ဒဏ်ရာရခဲ့ပြီး ဖရီတောင်မြို့နဲ့ အနီးအနားရှိ ဆေးရုံတွေမှာ ကုသပေးနေကြောင်းနဲ့ ဆေးရုံအချို့မှာ လူနာတွေ မနိုင်မနင်း ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမီးလောင်မှုဟာ လူနေထူထပ်တဲ့ ဝယ်လင်တန်အရပ်ရှိ အသွားအလာ များပြားရှုပ်ထွေးလေ့ရှိရာ Choithram စူပါမတ်ကက်အပြင်ဘက် လမ်းဆုံမှာ ဒေသစံတော်ချိန် သောကြောနေ့ (နိုဝင်ဘာ ၅ ရက်) ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆီရာလီယွန်ဘေးအန္တရာယ်ဆိုင်ရာဌာန (National Disaster Management Agency - NDMA) ရဲ့ အဆိုအရ လောင်စာဆီတင်ယာဥ်က အခင်းဖြစ်နေရာအနီးရှိ လောင်စာဆီဆိုင်တစ်ဆိုင်ကို ဆီဖြည့်ရန် ဝင်ရောက်လာခဲ့စဥ် ကုန်တင်ယာဥ်နဲ့ တိုက်မိခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

ယာဥ်တိုက်မှုဖြစ်ပြီးနောက် ဆီယိုစိမ့်မှုဖြစ်နေကြောင်း လောင်စာဆီတင်ယာဥ်မောင်းက သတိပြုမိခဲ့ရာ လူတွေကို ယာဥ်အနီးသို့ မလာကြရန် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် လူတွေက ယိုစိမ့်ထွက်ကျနေတဲ့ လောင်စာဆီတွေကို ရယူရန်ကြိုးပမ်းခဲ့စဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း NDMA က ပြောပါတယ်။ ကမ်းရိုတန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ ဖရီးတောင်မြို့မှာ လူဦးရေ ၁ သန်း နေထိုင်ကြပြီး လတ်တလော နှစ်များအတွင်း ဆိုးရွားပြင်းထန်တဲ့ ဘေးအန္တရာယ်တွေ ကြုံခဲ့ကြရပါတယ်။

မတ်လအတွင်းက ဖရီးတောင်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ကြီးမားတဲ့ မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၅,၀၀၀ ကျော် နေရာစွန့်ခွာခဲ့ရပါတယ်။ ၂၀၁၁၇ ခုနှစ်အတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းရာမှာ ဖရီးတောင်းမြို့တစ်‌ဝန်း ရွှံ့နွံ့ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ရာ လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၃,၀၀၀ ဝန်းကျင် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က