အသင်း (၅) သင်းရှိပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို ချန်လှပ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအသင်းဖွဲ့စည်းဖို့ ရွှေပြည်သာမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းက ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

စာသင်ကျောင်းတွေမှာ အနော်ရထာ၊ကျန်စစ်သား၊ဘုရင့်နောင်၊အလောင်းဘုရား၊မဟာဗန္ဒုလ အသင်း ၅ သင်းရှိပေမယ့် ဗိုလ်တေဇ (ခ) အောင်ဆန်းလို့ ခေါ်တဲ့ အမျိုးသားခေါင်းဆောင်ကြီးကို ချန်လှပ်ထားတာ တွေ့ရှိရတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဉာဏ်လင်းက ဆိုပါတယ်။

မျိုးဆက်သစ်လူငယ်တွေကို ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ ရရှိစေရန်၊ ကာယ၊ဉာဏ၊ စာရိတ္တ ဘက်စုံဖွံဖြိုးတိုးတက်စေဖို့ နိုင်ငံတော်အခြေခံနဲ့ အဆင့်မြင့်ပညာရေးကျောင်းတွေမှာ အခြေခံအသင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ရာမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းအသင်းကို ဖွဲ့စည်းဆောင်ရွက်ဖို့ အလေးအနက် တင်ပြအပ်လိုပါတယ်။ ကျောင်းတွေမှာ ဝါ၊စိမ်း၊နီ၊ပြာ သို့မဟုတ် အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရား၊ဗိုလ်တေဇ စသဖြင့် အသင်းအဖွဲ့ (၄) ဖွဲ့ကနေ ကျောင်းသားတွေကိုယ်တိုင်ပါဝင်တဲ့ ကျောင်းကောင်စီစုဖွဲ့ပြီး မျိုးဆက်သစ်လူငယ်တွေကို ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေရရှိအောင် လုပ်ပေးသင့်ကြောင်း တင်ပြအပ်ပါတယ်။ “ လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဉာဏ်လင်းက ပြောပါတယ်။

ကျောင်းကောင်စီအဖွဲ့တွေ ဖွဲ့စည်းခြင်းအားဖြင့် ကျောင်းသားတွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှုကိုလည်း အချင်းချင်း ဝိုင်းဝန်းထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းက ဆိုပါတယ်။

အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းရဲ့ တိုက်တွန်းကြောင်းအဆိုကို ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းက ထောက်ခံခဲ့ပြီး အဆိုကို ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး ဖေဖော်ဝါရီ (၄) ရက်မှာ အမည်စာရင်းတင်သွင်းဖို့ ကြေညာခဲ့ပါတယ်။

Share

Loading Next Article...
က္က