ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ မနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ ပင်နယ်တီကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ဧည့်သည် ဖူလ်ဟမ်က တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ထားချိန်မှာ ယူနိုက်တက်တို့ ပင်နယ်တီပါ ထပ်ပေးခဲ့ရတာပါ။
ဒါပေမယ့် မီထရိုဗစ်ရဲ့ ပင်နယ်တီကန်ချက်ကို ဒီဂီယာက လက်စွမ်းပြ ကာကွယ်ခဲ့ပြီး ပင်နယ်တီနဲ့ပတ်သက်လာရင် အရည်အသွေး ညံ့ဖျင်းတယ်လို့ ဝေဖန်ခံနေရတာတွေကို ဒီပွဲအတွက် ချေဖျက်ပြခဲ့ပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်ရဲ့ အဓိကဂိုးသမားအဖြစ် ကာလရှည် နေရာရရှိခဲ့ပေမယ့် ပင်နယ်တီကာကွယ်တဲ့နေရာမှာတော့ အင်မတန်မှကို အားနည်းချက်ကြီးမားခဲ့ပါတယ်။
ဒီပွဲမှာ ပင်နယ်တီကာကွယ်နိုင်ခဲ့တာက အိုးထရက်ဖို့ဒ်မှာ (၂၀၁၄) နောက်ပိုင်း ပထမဆုံး၊ ပြိုင်ပွဲစုံမှာ ပြီးခဲ့တဲ့ (၂၀၂၁) နောက်ပိုင်း ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီဂီယာဟာ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ပင်နယ်တီတစ်လုံးမှ မကာကွယ်နိုင်ခဲ့ဘဲ သူ ကန်ရတဲ့ ပင်နယ်တီမှာလည်း လွဲချော်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။
ဒါ့အပြင် ဒီရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း ဒီဂီယာက ဘရိုက်တန်ကစားသမားတွေရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ခြင်းမရှိဘဲ ဆိုလီမာ့ချ်က ပင်နယ်တီကို မိုးပေါ်ထောင်ကန်ခဲ့တာကြောင့်သာ ယူနိုက်တက်တို့ ဗိုလ်လုပွဲတက်ခဲ့ရတယ်လို့ ဝေဖန်ခံနေရပါတယ်။ အဲ့ဒါကြောင့်လည်း အခု ဖူလ်ဟမ်နဲ့ပွဲမှာ ပင်နယ်တီကာကွယ်နိုင်ခဲ့တာာက ဒီဂီယာအတွက် ဖြေသိမ့်စရာဖြစ်ခဲ့ပြီး ယူနိုက်တက်တို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရရှိခဲ့ကာ ပရီးမီးယားလိဂ်ရာသီအပိတ် လှခဲ့ပါတယ်။
ဒီဂီယာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေပြီး အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ ကစားသမားပါ။ သူ့အနေနဲ့ နည်းပြ အဲရစ်တန်ဟက်ခ်ရဲ့ ကစားပုံမှာ ပါဝင်ကစားနိုင်ခြင်းမရှိတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာဘဲ ယူနိုက်တက်တို့ ဂိုးသမားအသစ် ရှာဖွေနေချိန်မှာ ဒီဂီယာတစ်ယောက် အသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေပါတယ်။