ပညာရေးဝန်ကြီးဌာနရဲ့ စာမေးပွဲရက် ပြောင်းလည်းသတ်မှတ်တဲ့အပေါ် ဝမ်းမြောက်ကြိုဆိုကြောင်းနဲ့ လက်ရှိလှုပ်ရှားမှုတွေအားလုံးကို ယာယီရပ်တန့်ကြောင်း ဖေဖော်ဝါရီလ ၃ရက်နေ့စွဲနဲ့ ဆရာများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယခင်နှစ်တွေအတိုင်း စာမေးပွဲစစ်ပေးဖို့တောင်းဆိုချက်ကို အပြည့်အဝမရသေးတာကြောင့်နဲ့ဆက်လက်စောင့်ကြည့်ရမယ့်အနေအထားတွေ ရှိသေးတာကြောင့် ဆရာများအဖွဲ့ချုပ်အနေနဲ့ ယခုလို ယာယီရပ်တန့်ဖို့ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
အခုလို စာမေးပွဲဖြေဆိုမယ့်ရက်ကို ဝန်ကြီးဌာနက ပြောင်းလဲပြင်ဆင်ပေးခဲ့တာကြောင့် ရွေးကောက်ပွဲကာလမှာ ဆရာ၊ဆရာမတွေ မဲရုံဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်ဘူးဆိုတဲ့ကိစ္စက အလိုအလျောက်ပယ်ပျက်ပြီးသားဖြစ်တယ်လို့ ဆရာများအဖွဲ့ချုပ် အတွင်းရေးမှူးကပြောပါတယ်။
"အစဉ်အလာအရဆို ကျောင်းစစ်တွေအရင်စစ်တယ်၊ ပြီးမှ ခရိုင်စစ်၊ တိုင်းစစ်တွေစစ်တယ်၊ နောက်ဆုံးမှအစိုးရစစ်စစ်တယ်။ အခုကကျ ခရိုင်စစ်ပြီးမှ ကျောင်းစစ် ပြန်စစ်တယ်ဆိုတော့ တောင်းဆိုချက် အပြည့်အဝတော့မရသးဘူး။ နောက်ထပ် တိုင်းဒေသကြီး အစိုးရနဲ့ညှိနှိုင်း လုပ်ဆောင်ရမယ်ဆိုတော့ အခက်အခဲတွေ အဆင်မပြေတာတွေ ရှိမရှိ စောင့်ကြည့်စရာလေးတွေရှိသေးတာပေါ့" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ဖေဖော်ဝါရီလ ၅ရက်နေ့မှာ Duwun ကို ပြောပါတယ်။
အခုလိုမျိုး ပြောင်းလဲ ပြင်ဆင်ပေးတဲ့အတွက် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေရဲ့ အခက်အခဲတွေ အထိုက်အလျောက် ပြေလည်သွားမယ်လို့ ယူဆရပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပေးတဲ့ လွှတ်တော်အမတ်တွေနဲ့ ပြည်သူ့အသံကို နားထောင်ပေးတဲ့ ဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်လို့လည်း ဦးဇော်မျိုးလှိုင်က ထပ်မံပြောကြားခဲ့ပါတယ်။
ပြောင်းလဲ ပြင်ဆက်ချက်မှာတော့ စတုတ္ထတန်းနဲ့ အဌမတန်းကို မူလအတိုင်း ဖေဖော်ဝါရီ ၂၄ရက်ကနေ မတ်လ ၃ရက်အထိ စာမေးပွဲကျင်းပမှာဖြစ်ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မူလအတိုင်း မတ်လ ၁၁ ရက်နေ မတ်လ ၂၁ ရက်နေ့ အထိ အသီးသီး ကျင်းပသွားမယ်လို့ သိရပါတယ်။ ကျန်အတန်းတွေကိုတော့ မတ်လ၄ရက်ကနေ ၁၀ရက်အတွင်း ကျင်းပမယ်လို့ ဆိုပါတယ်။
အခြေခံပညာအတန်းတွေအနေနဲ့ မတ်လ အကုန်ထိကျောင်းတက်ရမယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကြောင့် ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူလူထုကြားမှာ ကန့်ကွက်မှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၃ရက်နေ့က ပညာရေး ဝန်ကြီးဌာနရဲ့ ဆွေးနွေးညှိနှိုင်းမှု အပြီးမှာတော့ အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲအချိန်စာရင်းတွေကို ယခင်အတိုင်း မတ်လ မကုန်မီ အပြီးစစ်ဆေးသွားမယ်လို့ သဘောတူညီခဲ့တာပဲ ဖြစ်ပါတယ်။