ရှမ်းပြည်နယ်မှာမြောက်ပိုင်း သိန္နီမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီကနေ့ဖေဖော်ဝါရီလ(၂၄)ရက်နေ့က ကျောင်းသားတွေမောင်းနှင်လာတဲ့လာတဲ့ ဆိုင်ကယ်နဲ့ ခြောက်ဘီးကားနဲ့ တိုက်မိပြီး ကျောင်းသား(၂)ဦးနေရာမှာတင်သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
photo-သိန္နီမြို့ အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်း
ကျောင်းသားတွေက စာမေးပွဲသွားဖြေဖို့အတွက် ဆိုင်ကယ်တစ်စီးကို (၃)ယောက်စီးနင်းလာတာဖြစ်ပြီး လမ်းမှာဆိုင်ကယ်ဆီဖြည့်ပြီးအပြန်မှာ (၆)ဘီးကားနဲ့ အခုလိုတိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ ကျောင်းသားတွေက ဆိုင်ကယ်ဆီဖြည့်ပြီးတော့ လမ်းပြောင်းပြန်မောင်းလာတာ။ နှစ်ယောက်က (၈)တန်းကျောင်းသား၊ တစ်ယောက်က (၉)တန်းကျောင်းသား၊ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့တဲ့ ကျောင်းသား(၂)ယောက်က (၈)တန်းတစ်ယောက်နဲ့ (၉)တန်းတစ်ယောက်၊ကျန်တဲ့ (၈)တန်းကျောင်းသားက ဒဏ်ရာအနည်းငယ်ရရှိတာလောက်ပဲရှိတယ်” လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ သိန္နီမြို့ အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးစိုင်းဖက Duwun ကိုပြောပါတယ်။
ကျောင်းသားတွေက သိန္နီ အထက (၂)ကကျောင်းသားတွေဖြစ်ပြီး သေဆုံးခဲ့သူအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသားကိုတော့ သိန္နီ ဆေးရုံကြီးမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ (၂၄)ရက်နေ့ဟာ (၄)တန်းနဲ့ (၈)တန်းကျောင်းသားတွေ အတန်းတင်စာမေးပွဲဖြေဆိုရတဲ့ ပထမနေ့လည်းဖြစ်ပါတယ်။