ဆိုးလ်မြို့ Naver ရုံးချုပ်မှာ တပ်ဆင်သွားမှာပါ

တောင်ကိုရီးယားနည်းပညာ အင်အားစုကြီးတစ်ခုဖြစ်တဲ့ Samsung ဟာ ပထမဆုံး လုပ်ငန်းသုံး ပုဂ္ဂလိက 5G ကွန်ရက်တစ်ခုကို စတင်တည်ဆောက်လိုက်ပြီလို့ ဆိုပါတယ်။ 

Samsung ကုမ္ပဏီဟာ တောင်ကိုရီးယား search engine နဲ့ Social ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Naver အတွက် ပုဂ္ဂလိက 5G Network တစ်ခုကို တည်ဆောက်ပေးခဲ့တာလို့ GSMArena သတင်းက ဖော်ပြပါတယ်။ ကမ္ဘာ့ပထမဆုံး လုပ်ငန်းသုံးပုဂ္ဂလိက 5G ကွန်ရက်ဝန်ဆောင်မှုသစ်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှိတဲ့ Naver ရုံးချုပ်မှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ 





ဒီဝန်ဆောင်မှုဟာ လူထိန်းချုပ်မှုမလိုတဲ့ Autonomous စက်ရုပ်တွေကို ရုံးချုပ်မှာရှိတဲ့ ဝန်ထမ်းတွေဆီ ပစ္စည်း ၊ ကော်ဖီနဲ့ နေ့လည်စာဗူးတွေ ပို့ပေးနိုင်အောင် ကူညီပေးသွားမှာပါ။ 1784 လို့ ခေါ်တဲ့ ဆိုးလ် Naver ရုံးချုပ်တွေမှာ အထပ် ၃ ထပ် ကို လှည့်လည်သွားနိုင်မယ့် စက်ရုပ်ပေါင်း ၄၀ စတင် တပ်ဆင်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ၂၀၂၂ နှစ်အကုန်မှာ ၃၆ ထပ်လုံးအနှံ့ သွားလာနိုင်မယ့် ရာနဲ့ချီတဲ့ စက်ရုပ်တွေ သုံးသွားဖို့လည်း စီစဉ်ထားတာပါ။ 

စက်ရုပ်အားလုံးဟာ Cloud Server တစ်ခုနဲ့ ချိတ်ဆက်ထားကြပြီး ဒီဆာဗာကိုပဲ စက်ရုပ်တိုင်း မျှဝေအသုံးပြုမယ့် ဦးနှောက်တစ်ခုလို ဖန်တီးထားတာ ဖြစ်ပါတယ်။ စက်ရုပ်တစ်ခုချင်းစီက တွက်ချက်စရာ ကိစ္စအများအပြားကိုလည်း ဒီဆာဗာကနေ ယူသုံးမှာ ဖြစ်လို့ တွက်ချက်မှုဝန်ကို လျှော့ချပေးရာလည်း ရောက်မှာပါ။ Samsung ရဲ့5G ကွန်ရက်ဟာ စက်ရုပ်တွေကို သူတို့ရဲ့ Cloud နဲ့ ချိတ်ဆက်ပေးမယ့် Neural Network တစ်ခု ဖြစ်လာပြီး ပကတိအနေအထားမှာ စက်ရုပ်ပေါင်း သိန်းချီ Support ပေးနိုင်မယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 



စက်ရုပ်တွေမှာ အဆောက်အဦ ဖွဲ့စည်းပုံနဲ့ လမ်းကြောင်းမြေပုံတွေကို လမ်းညွှန်ဖော်ပြတဲ့ ဘုံ 3D/HD Mapping တစ်ခုပါလာပါတယ်။ ဒါ့အပြင် လက်တွေ့ပြင်ပလောကအတိုင်း ပုံရိပ်ယောင်နေရာကို ပုံတူပွားယူဖန်တီးပြီး အမြန်လမ်းညွှန်လေ့လာမှုလုပ်နိုင်မယ့် AI နည်းပညာလည်း တပ်ဆင်ပေးထားပါတယ်။ ကွန်ရက်မှာ ပုဂ္ဂလိကကွန်ရက်အတွက် ကိုရီးယားအာဏာပိုင်တွေ သတ်မှတ်ပေးထားတဲ့အတိုင်း လှိုင်းနှုန်းစဉ် 4.7GHz နဲ့ 28GHz အထောက်အပံ့ပေးထားတဲ့ Samsung Compact Core နဲ့ 5G radios တို့ သုံးထားတာ ဖြစ်ပါတယ်။ 

ပုဂ္ဂလိက 5G ရေဒီယိုမှာ တခြားလုပ်ငန်းသုံး 5G ရေဒီယိုစွမ်းဆောင်ရည်ထက် နှစ်ဆပိုမြင့်မားတဲ့ Uplink Allocation ခွဲဝေမှုလုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ Samsung Electronics ရဲ့ ကမ္ဘာလုံးဆိုင်ရာ အရောင်းနဲ့ မားကတ်တင်း ဒုဥက္ကဌ ယောင်ချန်းကတော့ ကုမ္ပဏီအနေနဲ့ ဒီဝန်ဆောင်မှုကို အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ၊ ဆေးရုံ နဲ့ ကျောင်းတို့လို Public Institution တွေမှာလည်း တပ်ဆင်အသုံးချနိုင်အောင် ဆက်လက်ကြိုးစားနေတယ်လို့ ပြောဆိုထားပါတယ်။ 

Share

Loading Next Article...
က္က