TSMC အရင် ထုတ်လုပ်မှု စတင်နိုင်ခဲ့တာပါ

တောင်ကိုရီးယားကုမ္ပဏီ Samsung ဟာ အဆင့်မြင့် 3nm chip အကြီးအကျယ် ထုတ်လုပ်မှုကို ပထမဆုံးလုပ်ဆောင်နိုင်တဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ 

Samsung ရဲ့ တောင်ကိုရီးယားနိုင်ငံ Hwaseong Semiconductor ထုတ်လုပ်ရေးစက်ရုံနဲ့ ကမ္ဘာ့အကြီးဆုံး Semiconductor စက်ရုံဖြစ်တဲ့ Pyeongtaek စက်ရ့ုတို့ကနေ 3nm Chips တွေ ထုတ်လုပ်သွားမှာပါ။ Samsung ရဲ့ တတိယမြောက် Chip စက်ရုံဖြစ်တဲ့ Pyeongtaek စက်ရုံဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ မေလခရီးစဉ်မှာ လည်ပတ်ခဲ့တဲ့ စက်ရုံလည်း ဖြစ်ပါတယ်။ 




FinFET ထရန်စစ္စတာနည်းပညာအလွန် GAA (Gate-All-Around) ထရန်စစ္စတာဖွဲ့စည်းပုံသစ်ပေါ် အခြေခံတဲ့ ပထမမျိုးဆက် 3nm Chip အမြောက်အများထုတ်လုပ်နေပြီ ဖြစ်ကြောင်းကို Samsung Foundry ကုမ္ပဏီက ကြာသာပတေးနေ့မှာ ကြေညာလိုက်တာပါ။ 5nm နည်းပညာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် 3nm Chip တွေဟာ Performance ပိုင်း ၂၃% ပိုကောင်းပြီး ၊ ပါဝါသုံးစွဲမှု ၄၅% ပို သက်သာသလို မျက်နှာပြင်ဧရိယာလည်း ၁၆% လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ 

GAA ထရန်စစ္စတာဒီဇိုင်းဟာ ထရန်စစ္စတာတွေရဲ့ လျှပ်စီးသယ်ယူနိုင်စွမ်းကို မထိခိုက်ဘဲ ထရန်စစ္စတာဆိုဒ်ကို ချုံ့လိုက်တာ ဖြစ်ပါတယ်။ Samsung ထုတ် ဒုတိယမျိုးဆက် 3nm node မှာဆို လက်ရှိ 5nm နည်းပညာထက် ပါဝါသုံးစွဲမှု ၅၀% သက်သာပြီး စွမ်းဆောင်ရည် ၃၀% ပိုကောင်းသလို မျက်နှာပြင်ဧရိယာလည်း ၃၀% ပိုလျှော့ချနိုင်မယ်လို့ ပြောပါတယ်။ 


Samsung ဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ logic chip နဲ့ သတ္ထုပုံလောင်းစက်ရုံ လုပ်ငန်းတွေမှာ ဝမ် ၁၇၁ ထရီလီယံ (ဒေါ်လာ ၁၃၂ ဘီလျံ) အထိ ရင်းနှီးမြှပ်နှံသွားမယ်လို့ မနှစ်က ကြေညာထားပါတယ်။ Samsung ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာလည်း ဒေါ်လာ ၁၇ ဘီလျံ အကုန်အချခံပြီး Semiconductor စက်ရုံတစ်ရုံ တည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။ အဆင့်မြင့် 3nm Chip ကို ထိပ်တန်း Chipmaker ဖြစ်တဲ့ Taiwan Semiconductor Manufacturing Company (TSMC) အရင် ထုတ်လုပ်နိုင်တာဟာ Samsung အတွက် အရေးပါတဲ့ မှတ်တိုင်ဖြစ်လာပါတယ်။ 

TSMC အနေနဲ့ 3nm Chip ကို ဒီနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ စတင်ထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး 2nm Chip ကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။ လောလောဆယ် နောက်သုံးနှစ်အတွက် chip ထုတ်လုပ်ရေး တိုးချဲ့ဖို့အတွက် TSMC ဟာ ဒေါ်လာဘီလျံ ၁၀၀ ရင်းနှီးမြှပ်နှံသွားမယ်လို့လည်း ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က