Apple နဲ့ Google ဖုန်းတွေအတွက် ကင်မရာ Sensor တွေ ထုတ်ပေးနေတဲ့ Sony ဟာ စမတ်ဖုန်းအတွက် 100MP Sensor ထုတ်လုပ်နေပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စပြီး Samsung ဟာ တန်ဖိုးမြင့် Flagship တန်း Galaxy S Series တွေမှာ ကုမ္ပဏီရဲ့ ISOCELL HMX 108MP ကင်မရာကို သုံးလာခဲ့ပါတယ်။ သတင်းတွေအရဆို လာမယ့်နှစ်မှာ ထွက်ရှိမယ့် Galaxy S23 မှာ Samsung ရဲ့ ISOCELL HP1 200MP Sensor သုံးလာမယ်လို့ ဆိုပါတယ်။ Samsung ရဲ့ ISOCELL HP1 200MP Sensor ကို မကြာခင် မိတ်ဆက်သွားဖို့ရှိတဲ့ Motorola Flagship ဖုန်းမှာ မြင်တွေ့ရမှာပါ။
စမတ်ကင်မရာလောကမှာ Samsung တစ်ခုတည်း ရှေ့ပြေးနေတာ မဟုတ်ပါဘူး။ Apple နဲ့ Google တို့လို ကုမ္ပဏီတွေအတွက် Sensor တွေ ထုတ်လုပ်ပေးနေတဲ့ Sony ကလည်း MegaPixel အမြင့်တန်း ကင်မရာတွေ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲက ကင်မရာအကောင်းဆုံးဖုန်းတန်းဝင်တဲ့ iPhone နဲ့ Google Pixels စီးရီးတွေအတွက် ကင်မရာ Sensor တွေ ထုတ်လုပ်ပေးနေတဲ့ Sony ဟာ အခုနောက်ပိုင်း ကင်မရာ Hardware Specs ဘက်မှာပါ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်လာနေပါတယ်။
ကင်မရာအကောင်းဆုံးဖုန်းတန်းဝင် တန်ဖိုးကြီး iPhone နဲ့ Google Pixel ဖုန်းတွေမှာ ကင်မရာ Hardware ထက် Software Processing ပိုင်းကို ဦးစားပေးခဲ့ကြတာပါ။ ဒီနေ့အထိ Flagship အကျဆုံး iPhone တွေမှာ 12MP ကင်မရာပဲ သုံးထားပေမယ့် ဆော့ဖ်ဝဲလ်နည်းပညာကြောင့် ကင်မရာပိုင်းမှာ အကောင်းဆုံးစမတ်ဖုန်းတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ကင်မရာ Hardware ပိုင်းကို မြှင့်တင်ဖို့ လုပ်နေကြပြီ ဖြစ်ပါတယ်။
Google ရဲ့နောက်ပိုင်းထွက် Pixel ဖုန်းသစ်တွေမှာဆို Sony ရဲ့ 12.2MP IMX363 Sensor အစား Samsung ထုတ် ISOCELL GN1 50MP Sensor ကို ပြောင်းလဲ အသုံးပြုလာခဲ့ပါတယ်။Apple ရဲ့ အသစ်ထွက်လာမယ့် iPhone 14 Pro နဲ့ 14 Pro Max တွေမှာ 48MP Sensor နဲ့ လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Sony အနေနဲ့ ပြိုင်ဘက်လက်ထဲ ကိုယ့်ဖောက်သည်တွေ ပါမသွားဖို့ အလင်းဖမ်းယူမှု ပိုမြင့်ပြီး ရုပ်ထွက်ပိုကောင်းတဲ့ Resolution မြင့် ကင်မရာ Sensor တွေ ထုတ်လုပ်ရတော့မှာပါ။
သတင်းကောင်းတစ်ခုက Sony ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 100MP စမတ်ဖုန်းကင်မရာစနစ် ထုတ်လုပ်နေပြီဆိုတာပါပဲ။ ဒီ Sensor ဟာ Sony IMX8 Series ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပြီး အလတ်တန်းစား Midrange ဖုန်းတွေကို ပစ်မှတ်ထားဖို့ ရှိပါတယ်။ Sony IMX9 Series Sensor သစ်တွေကလည်း Samsung 50MP ISOCELL GN2 Sensor နဲ့ ယှဉ်ပြိုင်ဖို့ အသစ်ထုတ်လာနေပါတယ်။
ပေါက်ကြားလာတဲ့ သတင်းအရဆို Sony IMX9 Series ကင်မရာဟာ 50MP Sensor နဲ့လာပြီး IMX989 လို့လည်း နာမည်ပေးသွားမယ်လို့ ဆိုပါတယ်။ sensor size ၁ လက်မ ရှိပြီး Xiaomi 12 Ultra သစ်မှာ ဒီ Sensor ကို ပထမဆုံး သုံးလာမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ Sony Semiconductor အမှုဆောင်အရာရှိချုပ် Terushi Shimizu ကတော့ ၂၀၂၄ ခုနှစ်က စပြီး စမတ်ဖုန်းကင်မရာတွေဟာ DSLR ကင်မရာတွေထက် ပိုကောင်းလာမယ်လို့ ပြောထားတာကြောင့် စမတ်ဖုန်းကင်မရာအရွေ့ကို မြင်တွေ့ရဖို့ ရှိပါတယ်။