Samsung Galaxy ဖုန်း အဝင်ပြတ်တဲ့နောက် အမေရိကန်ဈေးကွက်မှာ Apple ထုတ် iPhone သစ်တွေ ရောင်းအားကောင်းနေတယ်လို့ ဆိုပါတယ်။
Wave7 ရဲ့ နောက်ဆုံးရ အစီရင်ခံစာမှာတော့ Samsung ထုတ် High-End Galaxy စမတ်ဖုန်းတွေ ပစ္စည်းအဝင်ပြတ်ခြင်းဟာ iPhone 13 စီးရီး ရောင်းအားမြင့်ခြင်းကို ဖြစ်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီသုတေသနဟာ အမေရိကန်ဈေးကွက်က Verizon ၊ AT&T နဲ့ T-Mobile တို့လို အဓိကတယ်လီကွန်းလုပ်ငန်းတွေရဲ့ ကိုယ်စား ၄၀ ကို စစ်တမ်းကောက်ပြီး လေ့လာခဲ့တာပါ။
Photo: Gizmochina
ကိုယ်စားလှယ်ဆိုင် ၆၅% ရဲ့ အဆိုအရ အောက်တိုဘာလအတွင်း iPhone 13 စီးရီး ဝယ်လိုအားဟာ ပြီးခဲ့တဲ့ကာလတူ iPhone 12 စီးရီး ဝယ်လိုအားထက် ပိုများခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ iPhone ဟာ Verizon စမတ်ဖုန်းရောင်းအားစုစုပေါင်းရဲ့ ၇၂%အထိ ရှိခဲ့ပြီး Samsung က ၂၃% ပဲ ရှိခဲ့တယ်လို့ Wave7 ဈေးကွက်စစ်တမ်းက ဆိုပါတယ်။
AT&T စမတ်ဖုန်းရောင်းအားရဲ့ ၇၆% ဟာ iPhone မော်ဒယ်တွေ ဖြစ်ခဲ့ပြီး Samsung ကတော့ ရောင်းအားရဲ့ ၂၀% ရှိနေတာ ဖြစ်ပါတယ်။ T-Mobile မှာ iPhone ရောင်းအား ၆၆% နဲ့ Samsung ဖုန်းရောင်းအား ၂၆% ရှိနေတယ်လို့လည်း ဆိုပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ဈေးကွက်ထဲ iPhone 13 ဝင်ရောက်မှုဟာ တိုးတက်နေပြီး In Stock ပစ္စည်းလက်ကျန်လည်း အားကောင်းနေတယ်လို့ ဆိုပါတယ်။
iPhone 13 Pro နဲ့ iPhone 13 Pro Max ပစ္စည်းတင်ပို့မယ့်ရက်ကတော့ ဒီဇင်ဘာလထဲ ရွှေ့ဆိုင်းထားပါတယ်။ အောက်တိုဘာလအတွက် ရောင်းအားအမြင့်ဆုံး iPhone 13 မော်ဒယ်ဟာ iPhone 13 Pro Max ဖြစ်ပြီး Verizon နဲ့ AT&T မှာ ရောင်းအားရဲ့ ၂၀% နဲ့ T-Mobile မှာ ၁၃% စီ ရှိထားပါတယ်။ Samsung ရဲ့ ရောင်းအားအမြင့်ဆုံး စမတ်ဖုန်းဟာ Galaxy S21 Ultra ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Photo: iTech Post
Samsung Galaxy S21 Ultra ဟာ အရောင်းကိုယ်စားလှယ်ဆိုင် ၆၂% ရဲ့ ထိပ်တန်း အရောင်းသွက်ဆုံးဖုန်း ၃ မျိုးစာရင်းမှာ ပါဝယ်လို့ ဆိုပါတယ်။ ဆိုင်တွေရဲ့ ၄၂% က Galaxy Z Flip 3 ဟာ သူတို့ရဲ့ တစ်လတာ ရောင်းအားအကောင်းဆုံးထိပ်တန်းဖုန်း ၃ မျိုးထဲမှာ ပါတယ်လို့ ပြောကြပါတယ်။ iPhone 13 Pro Max နဲ့ Screen ပိုကြီးတဲ့ ဖုန်းတွေဟာ ကပ်ဘေးအတွင်း Video Conference လုပ်ဖို့အတွက် ဝယ်လိုအား ပိုတက်လာတာလို့လည်း အရောင်းဆိုင်တွေက ဆိုပါတယ်။
Samsung မော်ဒယ် ပစ္စည်းအဝင်ပြတ်နေတာကြောင့် T-Mobile အရောင်းဆိုင်တွေဟာ Samsung အစား Android ဖုန်းတွေထဲက ရွေးဝယ်နိုင်ဖို့ OnePlus မော်ဒယ် ၆ မျိုးကို တင်ထားတယ်လို့ ဆိုပါတယ်။