ကျောင်းဆရာတွေနည်းနေတာကိုလည်းပြောဆိုခဲ့ပါတယ်။
စာသင်ခန်းထဲမှာ ယောကျာ်လေးနည်းနေတာကို စိုးရိမ်မိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၇ ရက် နေ့လည်ပိုင်းက တောင်ကြီးမြို့ အ.ထ.က (၂) ကို သွားရောက်စဉ်မှာ ပြောကြားခဲ့ပါတယ်။

Photo - Myanmar State Counseller Office

ယခုအတန်းထဲမှာ ယောက်ျားလေးသုံးပုံတစ်ပုံလောက်သာ တက်ရောက်သင်ကြားနေတာကို တွေ့ရသည့်အတွက် မိမိအနေဖြင့် စိုးရိမ်မိပါကြောင်း၊ မည်သည့်အတွက်ကြောင့် ယခုလို နည်းပါးရသည်ကိုလည်း အဖြေမပေးနိုင်ကြပါကြောင်း၊ တစ်ယောက်ကပြောသည်မှာ အချို့က ကျောင်းထွက်အလုပ်လုပ်ပြီး အချို့က ဘာမှမလုပ်ဘဲ နေနေကြကြောင်း၊ ယင်းကို မိဘများနှင့် ဆရာဆရာမများအနေဖြင့် ပြန်လည်ကြည့်ရှုပေးစေချင်ပါကြောင်း၊ ကျောင်းမတက်သည့် ယောကျ်ားလေးများသည် မိဘများကိုကူညီပြီး စီးပွားရေးလုပ်နေသလား၊ အလုပ်လုပ်နေသလား၊ လမ်းပေါ်ရောက်နေ သလား သို့မဟုတ် လ္ဘက်ရည်ဆိုင်မှ အရက်ဆိုင် ထိုမှတစ်ဆင့် မူးယစ်ဆေးဝါးအဆင့်အထိ ရောက်သွားမည်ကို မိမိအနေဖြင့် စိုးရိမ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် မိမိအနေနဲ့ ယောကျ်ားလေးများ ကျောင်းဆက်နေချင်အောင် သင်ရိုးညွှန်းတမ်းများကို မည်သို့ပြောင်းလဲမည်၊ စာမေးပွဲများတွင် အမှတ်ပိုများအောင် မည်သို့လုပ်ရမည်ကို ပညာရေးဝန်ကြီးနှင့်တိုင်ပင်၍ အမျိုးမျိုးစဉ်းစားရပါကြောင်း၊ ယောကျ်ားလေးများ ၁၈ နှစ်နှင့် ၂ဝ ဝန်းကျင်တွင် ရင့်ကျက်မည်ဆိုပါက မိမိတို့နိုင်ငံ၏ ပညာရေးစနစ်အရ တက္ကသိုလ်ဘာသာရပ်များသင်ယူနိုင်ရန် အချိန်နည်းသွားမည်ကိုလည်း ထည့်တွက်ရပါကြောင်း၊ ထို့ပြင်ယောကျ်ားလေးများအတွက် ထူးချွန်နိုင်မည့် ဘာသာရပ်များကို မည်သို့ထည့်သွင်းပေးသင့်သည့်အထိ စဉ်းစားရပါကြောင်း၊ ယခုကျောင်းကိုအခြေခံပြီး ပညာရေးစနစ်နှင့် ပတ်သက်ပြီး အကြံပြုလိုသည်များကို အကြံပြုစေလိုပါကြောင်း၊ ကျောင်းဆရာများ များလာပါက ယောက်ျားလေးများ ကျောင်းနေနှုန်းပိုပြီး တက်လာနိုင်လို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်း ကလေးတွေအနေနဲ့ ရန်ကုန်ပတ်ဝန်းကျင်ရှိကျောင်းများနှင့်ကွာပါကြောင်း၊ ဆရာဝန်ဖြစ်ချင်သူ တော်တော်နည်းပါးကြောင်း၊ ရန်ကုန်ပတ်ဝန်းကျင်ရှိ ကျောင်းများတွင် အများအားဖြင့် မိဘများ၏ သင်ကြားပေးမှု သို့မဟုတ် စံနှုန်းစံထားများကြောင့် ဆရာဝန်ဖြစ်ချင်သူ တော်တော်များပါကြောင်း၊ မည်သည့်အတွက် ဖြစ်ချင်သည်ကိုပြောရာ၌ အများအားဖြင့် လူ့အသက်ကယ်ချင်သည့်အတွက်ဟု ပြောပါကြောင်း၊ ဆရာဝန်ဖြစ်ပါကဂုဏ်ရှိသည်ဟု ပတ်ဝန်းကျင်မှသင်ကြားထား၍ ယခုလိုဖြစ်ချင်ကြသည်ဟု မြင်ပါကြောင်း၊ ယခုကျောင်း၌ ဆရာဝန်ဖြစ်ချင်သူများထက် ဘာသာစကားသင်ချင်သူများ များပြားသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့် ဝမ်းသာပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်မြို့ကြီးတွင် ပိုပြီးရှိသင့်သည်ဟု မိမိစဉ်းစားပါကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က မိဘဆရာများအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ပညာရေးစနစ်နဲ့ပတ်သက်ပြီး အကြုံပြုဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ကာ ရှမ်းပြည်နယ်ခရီးစဉ် စတင်ခဲ့ပြီး တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းယောင်း မြို့နယ်တွေမှာ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က