ရော်နယ်ဒိုကတော့ ဂင်းနစ်စံချိန်မှတ်တမ်းတွေပါ ရရှိခဲ့တာပါ။

ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုက လက်ရွေးစင် ကစားသမားဘဝ ပွဲပေါင်း (၂၀၀) ပြည့်ခဲ့ပြီးတဲ့နောက် နောက်ထပ် စံချိန်မှတ်တမ်းတွေ ထပ်ယူဦးမှာလို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အိုက်စလန်ကို အနိုင်ရရှိခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ လက်ရွေးစင် ကစားသမားဘဝ ပွဲပေါင်း (၂၀၀) ပြည့်မြောက်ခဲ့တာပါ။



အဲ့ဒါကြောင့်လည်း အဆိုပါပွဲမတိုင်ခင်မှာ ရော်နယ်ဒိုကို ဂင်းနစ်မှတ်တမ်းနဲ့ အထူးဂုဏ်ပြုခဲ့ရပြီး ရော်နယ်ဒိုကလည်း ဒီပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါဂိုးကို သွင်းယူပြီးခဲ့တဲ့နောက် ချက်ချင်း အောင်ပွဲမခံနိုင်ခဲ့ဘဲ VAR ရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့ရပါတယ်။ အဲ့ဒီနောက်မှသာ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက “အခုဆိုရင် ပွဲပေါင်း (၂၀၀) ကစားပြီးသွားပါပြီ။ ဒါက ကျွန်တော့်နိုင်ငံကို ဘယ်လောက်ချစ်လဲဆိုတာကို သက်သေပြခဲ့ပါတယ်။ ကျွန်တော့်အတွက် ဒီမှတ်တိုင်က အရမ်းကို အရေးကြီးပြီး အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အရမ်းကို ဂုဏ်ယူမိပြီး ဒီလိုမျိုး ဖြစ်လာနိုင်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မစဥ်းစားမိခဲ့ပါဘူး”

“နောက်ထပ် စံချိန်မှတ်တမ်းတွေကို ကျွန်တော် ရယူသွားဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီလိုမျိုး မပြောကြားခင်မှာလည်း ရော်နယ်ဒိုက သူ့မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ပြီး ပရိသတ်အားလုံး သဘောကျခဲ့ရပါတယ်‌။ ရော်နယ်ဒိုက “အရမ်းကြီးတော့ ကင်မရာကို Zoom မဆွဲထားဘူး မဟုတ်လား။ အရေးအကြောင်းတွေ အရမ်းများနေပြီဗျာ”

“ဒါမျိုး အခိုက်အတန့်ကို ခင်ဗျားတို့လည်း မျှော်လင့်ခဲ့မှာ မဟုတ်ပါဘူး။ ပွဲပေါင်း (၂၀၀) ပြည့်မယ်ဆိုတာကိုပေါ့။ ကျွန်တော့်အတွက်တော့ ဒါက တကယ်ကို မယုံနိုင်စရာ စွမ်းဆောင်မှုတစ်ခုပါပဲ။ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာကလည်း တကယ်ကို အံ့အားသင့်စရာပါ။ အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာက ပိုပြီး ထူးခြားကောင်းမွန်ခဲ့တာပေါ့။ ဒီနေ့က တကယ့်ကို စပါယ်ရှယ်နေ့ရက်ပါ။ အားလုံးက ကျွန်တော့်ရဲ့ ဒီနေ့ရက်ကို ဖန်တီးပေးခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က