လက်ရှိချန်ပီယံပြင်သစ်ကတော့ ပိုလန်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်သွားခဲ့ပါပြီ။ ဒီပွဲမှာ ပြင်သစ်က အဓိကကစားသမားအားလုံးကို ထည့်သွင်းခဲ့ပြီး ပိုလန်ကလည်း လီဝန်ဒေါစကီးဦးဆောင်လာခဲ့တာပါ။ ဒါပေမယ့် ပြင်သစ်က ပွဲကို ပိုပြီးတေ့ာ သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီးပိုရခဲ့ပါတယ်။
ပြင်သစ်ကြောက်ရမှာကတော့ ဂိုးသမားလိုရစ်ရဲ့ အချိန်မရွေးအမှားတွေ လုပ်တတ်တဲ့ ပြသနာကိုပါ။ ဒီနေ့ပွဲလည်း သူ အမှားတွေလုပ်ခဲ့ပြီး ကံကောင်းလို့သာ ဂိုးတွေမပေးခဲ့ရတာပါ။ ဂီရော့ဒ်က ပြင်သစ်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာကတည်းက သွင်းယူပေးခဲ့ပါတယ်။ အဲဒီဂိုးက သူ့ကို ပြင်သစ်ရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်စေခဲ့ပြီး အွန်နရီကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ပိုလန်က အုပ်စုအဆင့်မှာ ဆော်ဒီကိုပဲ နိုင်ခဲ့ပြီး ကျန်နှစ်ပွဲကို ဂိုးမရှိသရေကစားခဲ့တဲ့အတိုင်း ခြေစွမ်းက တော်တော်လေးအားနည်းလွန်းပါတယ်။ ပြင်သစ်နောက်တန်းက လီဝန်ဒေါစကီးကိုေ ကာင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ချိန်မှာ သူတို့ ဘာမှမတတ်နိုင်ခဲ့ဘဲရှိခဲ့ပါတယ်။ ပြင်သစ်အတွက် ဒုတိယဂိုးကိုတော့ ၇၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ဘတ်ပီရရှိခဲ့ပြီး လှလှပပကန်သွင်းအဆုံးသတ်သွားခဲ့တာပါ။
တော်တော်လေးလှပတဲ့ကန်ချက်ဖြစ်ပြီး ဘတ်ပီကတော့ ရွှေဖိနပ်ဆုအတွက်ပါ အခြေအနေကောင်းလာခဲ့ပါပြီ။ သူ့ကန်သွင်းချက်က တော်တော်လေးကို ကောင်းမွန်ခဲ့တာဖြစ်ပြီး ဆက်ဇနီ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။ ပြင်သစ်တို့ အနိုင်သေချာစေမယ့် သွင်းဂိုးဖြစ်ခဲ့ပြီး ပွဲကို ပိုပြီးတော့ အေးအေးဆေးဆေးနဲ့ ကစားနိုင်ခဲ့ကာ ပိုလန်ကတော့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ထိရောက်မှုတော့ မရှိခဲ့ပါဘူး။
ပွဲပြီးခါနီးမှာ ဘတ်ပီက နောက်ထပ်တဂိုးထပ်မံသွင်းယူခဲ့ပါတယ်။ ဒါကြောင့် ဘတ်ပီကတော့ အသက် ၂၄ နှစ်မပြည့်ခင်မှာပဲ ကမ္ဘာ့ဖလားသွင်းဂိုး ၉ ဂိုးအထိ ရတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါပြီ။ ကွာတားဖိုင်နယ်မှာ ပြင်သစ်က အင်္ဂလန်-ဆီနီဂေါပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ လက်ရှိမှာ သူတို့အသင်းခြေစွမ်းက တော်တော်လေးအားရဖို့ကောင်းနေပြီး အထူးသဖြင့် တိုက်စစ်ပိုင်းက အချိန်မရွေးဂိုးသွင်းနိုင်စွမ်းရှိနေပါတယ်။ အင်္ဂလန်-ပြင်သစ်ဆိုရင် ပွဲကြီးပွဲကောင်းကြည့်ရမှာဖြစ်သလို ဆီနီဂေါ-ပြင်သစ်ဆိုရင်လည်း ရာဇဝင်ကြွေးတွေကို ဆပ်ရမယ့်ပွဲဖြစ်လာမှာပါ။