မတ်ခ်ဇူကာဘတ်ရဲ့ ဆုံးရှုံးမှုဟာ အက်စ်တိုးနီးယားနိုင်ငံရဲ့ တစ်နှစ်စာ GDP နဲ့ ညီမျှပါ

သုံးလပတ်အစီရင်ခံစာ ထွက်လာပြီးနောက် Facebook ရဲ့ မိခင်ကုမ္ပဏီ Meta Platforms ဟာ ရှယ်ယာတန်ဖိုး ၂၆.၄% အထိ ထိုးကျသွားခဲ့ပါတယ်။ 

သုံးလပတ်အချက်အလက် ကိန်းဂဏန်းတွေအပေါ် ရင်းနှီးမြှပ်နှံသူတွေ စိတ်ပျက်သွားတာကြောင့် Meta ဟာ အကြီးမားဆုံး ရှယ်ယာတန်ဖိုးကျဆင်းမှုနဲ့ ကြုံလိုက်ရတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ၁၈ နှစ်တာ သမိုင်းမှာ Facebook ရဲ့ နေ့စဉ်ပုံမှန် အသုံးပြုသူဦးရေ DAUs ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီးနောက် ရှယ်ယာဈေးတွေပါ ကျဆင်းကုန်တာပါ။ စတော့ဈေးကွက်သမိုင်းမှာ ကုမ္ပဏီတန်ဖိုးထဲက တစ်ရက်တည်းနဲ့ စံချိန်တင် ဒေါ်လာ ၂၃၇.၆ ဘီလျံအထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။ 



Photo: bloomberg


ဒီဇင်ဘာမှာ ကုန်ဆုံးတဲ့ သုံးလတာ စတုတ္ထသုံးလပတ်အတွင်း Facebook ရဲ့ DAUs ဟာ ၁.၉၂၉ ဘီလျံ အထိ ကျဆင်းခဲ့တယ်လို့ Meta ရဲ့ သုံးလပတ်ဝင်ငွေရလဒ်ရှင်းတမ်းမှာ ဖော်ပြထားပါတယ်။ ဒီအရင် ပြီးခဲ့တဲ့ သုံးလပတ်မှာ နေ့စဉ်အသုံးပြုသူဦးရေဟာ ၁.၉၃၀ ဘီလျံ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီကြီးအတွက် ပထမဆုံးအကြိမ် အသုံးပြုသူဦးရေ ကျဆင်းလာခြင်းလည်း ဖြစ်ပါတယ်။

ကြော်ငြာရှင်တွေဘက်က အသုံးစရိတ်လျှော့လာသလို TikTok နဲ့ YouTube အပါအဝင် ပြိုင်ဘက်ပလက်ဖောင်းတွေရဲ့ ပြိုင်ဆိုင်မှုတွေကြောင့်လည်း ဝင်ငွေတိုးတက်မှု နှေးကွေးလာမယ်လို့ Meta က သတိပေးထားပါတယ်။ အထူးသဖြင့် ကုမ္ပဏီရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ ငယ်ရွယ်တဲ့ လူမှုကွန်ရက်ပရိသတ်တွေဟာ ပြိုင်ဘက်တွေဆီ ရောက်နေကြတယ်လို့ ဆိုပါတယ်။ 


ရှယ်ယာဈေး အကြီးအကျယ်ထိုးကျမှုနဲ့အတူ Meta Platforms ရဲ့ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ရဲ့ အသားတင်ပိုင်ဆိုင်မှုထဲကနေ ဒေါ်လာ ၃၁ ဘီလျံအထိ လျော့ကျသွားတယ်လို့ Bloomberg Billionaires Index က ဖော်ပြပါတယ်။ ဇူကာဘတ်ခ်ရဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုထဲက ရှယ်ယာကျဆင်းမှုကြောင့် ဆုံးရှုံးသွားတဲ့ ပမာဏဟာ အက်စတိုးနီးယားနိုင်ငံရဲ့ တစ်နှစ်တာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP နဲ့ ညီမျှတယ်လို့လည်း BBC သတင်းက ဖော်ပြပါတယ်။

Photo: KBC


Facebook မိခင်ကုမ္ပဏီ Meta ဟာ TikTok နဲ့ ယှဉ်ပြိုင်ဖို့ ဗွီဒီယိုအတိုလေးတွေ ဖန်တီးနိုင်မယ့် Reels ဝန်ဆောင်မှုပိုင်းမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီဝန်ဆောင်မှုကနေ ရတဲ့ ဝင်ငွေဟာ ပုံမှန် Facebook နဲ့ Instagram Feeds ဝင်ငွေတွေထက် အများကြီး လျော့နည်းနေဆဲ ဖြစ်ပါတယ်။ 

၂၀၂၂ ပထမသုံးလပတ်အတွက် Meta ဟာ ဈေးကွက်ခန့်မှန်းသူတွေ မျှော်မှန်းထားတာထက် လျှော့ပြီး ဝင်ငွေ ဒေါ်လာ ၂၇ ဘီလျံကနေ ၂၉ ဘီလျံအထိပဲ ဝင်ငွေရဖို့ ပစ်မှတ်ထားနေတယ်လို့လည်း ဆိုပါတယ်။ 

Share

Loading Next Article...
က္က