စပါးတပ်မော်စကိုက ရော်နယ်ဒိုကို နောက်ပြောင်ခဲ့တာပါ။

ရုရှားကလပ် စပါးတပ်မော်စကိုဟာ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးတို့ရဲ့ ငြင်းဆန်မှုကိုခံထားရတဲ့ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို လှောင်ပြောင်လိုက်ပါတယ်။ ရော်နယ်ဒိုကို မနေ့ကပဲ ဘိုင်ယန်မြူးနစ်က မခေါ်ယူတဲ့အကြောင်း ဒုတိယအကြိမ်အဖြစ် လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။



စပါးတပ်မော်စကိုကတော့ ဒီအခွင့်အရေးကို လက်လွှတ်မခံခဲ့ဘဲ ရော်နယ်ဒိုကို သူတို့ရဲ့ တရားဝင်ဆိုရှယ်မီဒီယာကနေတဆင့် လှောင်ပြောင်လာခဲ့တာပါ။ စပါးတပ်မော်စကိုက အတုအယောင်အဖြစ် ဖန်တီးထားတဲ့ ချက်ဘောက်စ်မှာ ရော်နယ်ဒိုဘက်က “Hi, စပါးတပ်မော်စကို” လို့ စာပို့လာချိန်မှာ အသင်းဘက်က အခြားအကြောင်းအရာ ဘာမှမပြောဘဲ “No” တခွန်းတည်းသာ ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

အဆိုပါရုရှားကလပ်ဟာ ပြီးခဲ့တဲ့ (၂၀၂၁) ဇန်နဝါရီမှာလည်း မက်ဆီနဲ့ပတ်သက်လို့ အလားတူ နောက်ပြောင်မှုမျိုးကို ပြုလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ မက်ဆီကို စပါးတပ်မော်စကိုက စကားအရင်သွားပြောတဲ့ပုံစံအဖြစ် ဖန်တီးထားပြီး ဒီတခါမှာတော့ ရော်နယ်ဒိုက အသင်းကို စကားစပြောတဲ့ကိစ္စအဖြစ် အတုအယောင်လုပ် ဖန်တီးကာ နောက်ပြောင်ခဲ့တာပါ။



ဒါ့အပြင် စပါးတပ်မော်စကိုက “နာကျင်ရပြန်ပြီကွာ။ ဒါပေမယ့် ဒီတခါတော့ ငါတို့အတွက် မဟုတ်တော့ဘူး” လို့ ရေးသားခဲ့ပါသေးတယ်။ စပါးတပ်မော်စကိုဟာ အခွင့်ကြုံရင်ကြုံသလို ဥရောပထိပ်တန်းအသင်းတွေရဲ့ အနေအထားကို လှောင်ပြောင်လေ့ရှိပါတယ်။ ဘိုင်ယန်မြူးနစ်က မာနေးကို ခေါ်ယူဖို့ ကမ်းလှမ်းချိန်မှာ ဘိုင်ယန်မြူးနစ်ဘက်က ထည့်သွင်းတဲ့အပိုဆုကြေးစည်းကမ်းနဲ့ပတ်သက်လို့လည်း သူတို့က နောက်ပြောင်ခဲ့ဖူးပါတယ်။

အဲ့ဒီအချိန်တုန်းက ယူနိုက်တက်ဖလားရရင် အပိုဆုကြေးပေးမယ်၊ မက်ဆီ ရီးရဲလ်မက်ဒရစ်ကို ပြောင်းကစားရင် အပိုဆုကြေးပေးမယ်ဆိုပြီး စာချုပ်အတုကို ဖန်တီးကာ စပါးတပ်မော်စကိုက နောက်ပြောင်ခဲ့ပါသေးတယ်။ အခုတခါမှာလည်း အသင်းပြောင်းချင်ပေမယ့် ခေါ်မယ့်အသင်းရှာမတွေ့သေးတဲ့ ရော်နယ်ဒိုက စပါးတပ်မော်စကိုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး ဒီအသင်းအနေနဲ့ နောက်ထပ်ရော ဘယ်သူတွေကို ဘယ်လိုမျိုး လှောင်ပြောင်ရဦးမလဲ စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က