ဒီနေ့ည (၁၂း၁၅) မှာ ယှဥ်ပြိုင်ကစားမယ့် ဗီလာရီးရဲယ်နဲ့ ယူနိုက်တက်ပွဲမတိုင်ခင် ဗီလာရီးရဲယ်နည်းပြ အူနိုင်းအမ်မရီက ဆိုးလ်ရှားအထုတ်ခံရတာကို မကြိုဆိုပေမယ့် ပြိုင်ဘက်အနေနဲ့ အရင်ထက်ပိုမိုတဲ့ စိတ်ဓာတ်လှုံ့ဆော်မှုနဲ့ အဝေးကွင်းမှာ လာရောက်ရင်ဆိုင်သွားလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ယူနိုက်တက်နဲ့ဗီလာရီးရဲယ်တို့ ပထမအကျော့ အိုးထရက်ဖို့ဒ်မှာ တွေ့ဆုံခဲ့တုန်းက ဗီလာရီးရဲယ်တို့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် အဲလက်စ်တဲလက်စ်ရဲ့ချေပဂိုး၊ ရော်နယ်ဒိုရဲ့ နောက်ကျအနိုင်ဂိုးတို့ကြောင့် ယူနိုက်တက် ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအုပ်စုကိုတော့ ယူနိုက်တက်နဲ့ ဗီလာရီးရဲယ်တို့က ရမှတ် (၇) မှတ်စီနဲ့ ဦးဆောင်ထားတာပါ။
ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အသင်းကတော့ နောက်ဆုံးပွဲမှာ ရုန်းကန်နိုင်ရခြေပိုများတာကြောင့် နှစ်သင်းလုံးအတွက် အမှားခံလို့မရတော့ပါဘူး။ ဒီပွဲမတိုင်ခင် ဆိုးလ်ရှားအထုတ်ခံရတဲ့အပေါ် အူနိုင်းအမ်မရီကတော့ "ယူနိုက်တက်က ဒီပွဲအတွက် အရင်ထက် ပိုမိုတဲ့ လှုံ့ဆော်မှုရှိနေမှာပါ။ ဘာလို့လဲဆိုတော့ ဒါ ချန်ပီယံလိဂ်ဖြစ်နေလို့ပါ”
“သူတို့က တောင့်တင်းတဲ့ အသင်းတစ်သင်းဆိုတာ ကျနော်တို့ သိထားပြီး သူတို့အတွက် မဖြစ်မနေအနိုင်ရဖို့လည်း လိုအပ်ပါတယ်။ ဆိုးလ်ရှားမရှိတော့လို့ သူတို့ အများကြီး ပြောင်းလဲသွားမယ်မထင်ပါဘူး။ နည်းဗျူဟာပိုင်းအချို့တော့ ပြောင်းလဲလာနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ရော်နယ်ဒို၊ မက်ဂွိုင်းရား၊ ဘရူနိုဖာနန်ဒက်စ်၊ ဒီဂီယာတို့အပါအဝင် အခြားထိပ်တန်းကစားသမားတွေနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်”
“ကျနော်တို့အတွက်လည်း အခွင့်အရေးရှိပြီး နောက်ဆုံး (၂) ပွဲဆက်တိုက်မှာလည်း ရလဒ်တွေကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ အခုရင်ဆိုင်ရမှာက ရေပန်းစားတဲ့အသင်းပါ။ နည်းပြတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒီလိုမျိုး အလုပ်ဆုံးရှုံးသွားရတာကို ကျနော်မကြိုဆိုနိုင်ပါဘူး”
“ကျနော် ဆိုးလ်ရှားကို အများကြီးလေးစားပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ကစားသမားဘဝ၊ နည်းပြဘဝကြောင့်ပါ။ ကျနော် ဆိုးလ်ရှားနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ပြီး သူ့ကို လူကောင်းတစ်ယောက်အဖြစ် ကျနော် သတ်မှတ်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။