ဖာဂူဆန်ကတော့ ဆိုးလ်ရှားကို နောက်ထပ်အခွင့်အရေးပေးဖို့ ဆန္ဒရှိနေတာပါ။

ယူနိုက်တက်ရဲ့ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်က ဒီနေ့မှာပဲ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်း၊ ကာရင်တန်ကို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။



ဒီသတင်းကိုတော့ အပြောင်းအရွှေ့နဲ့ပတ်သက်လာရင် နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ပြောကြားခဲ့တာဖြစ်ပြီး ဖာဂူဆန် ဒီလိုရောက်လာရတဲ့ ရည်ရွယ်ချက်က သူ့တပည့်ဆိုးလ်ရှားအတွက် ကစားသမားတွေကို စည်းရုံးပေးဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာတာပါ။ ဖာဂူဆန်ဟာ ဆိုးလ်ရှား ယူနိုက်တက်မှာ ဆက်ရှိနေဖို့ နောက်ကွယ်ကနေ အဓိကပံ့ပိုးပေးနေသူလို့လည်းဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ မနက်တည်းက ဆိုးလ်ရှားရဲ့အနာဂတ်နဲ့ပတ်သက်လို့ ယူနိုက်တက်အသင်းတွင်း ဆွေးနွေးမှုတွေရှိခဲ့ပြီး ဘုတ်အဖွဲ့ရဲ့အဓိကတာဝန်ရှိသူအချို့နဲ့ ဖာဂူဆန်တို့ကတော့ စပါးနဲ့ပွဲမှာ ဆိုးလ်ရှားကို နောက်တစ်ကြိမ်အခွင့်အရေးပေးဖို့ ဆန္ဒရှိနေတာပါ။ နောက်ဆုံး ဆုံးဖြတ်ချက်အရလည်း ဆိုးလ်ရှားအတွက် စပါးနဲ့ပွဲက နောက်ဆုံးအခွင့်အရေးရရှိမယ်လို့ဆိုပြီး လက်ရှိအချိန်ထိ နည်းပြသစ်ကိစ္စအတွက် ဘယ်နည်းပြနဲ့မှ ဆွေးနွေးရခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

ဆိုးလ်ရှားကလည်း ဒီနေ့မနက်ပိုင်း အသင်းရဲ့လေ့ကျင့်ခန်းအစီအစဥ်ကို ရောက်လာခဲ့တယ်လို့ သတင်းတွေက တိတိကျကျ ဖော်ပြခဲ့ပြီး လီဗာပူးနဲ့ပွဲက အမှားတွေကို ပြန်လည်သုံးသပ်ကာ စပါးနဲ့ပွဲမှာ ပြန်လည်ပြင်ဆင်သွားဖို့ စီစဥ်နေပါတယ်။ ယူနိုက်တက် ကစားသမားတွေကတော့ ဆိုးလ်ရှားရဲ့ နည်းဗျူဟာနဲ့ လူထုတ်ပုံတွေအပေါ် မေးခွန်းထုတ်၊ ဒွိဟဖြစ်နေရတာပါ။

ဒါပေမယ့်လည်း ဆိုးလ်ရှားက အသင်းရဲ့ရလဒ်ဆိုးတွေကြားထဲမှာ ကစားသမားတစ်ယောက်ချင်းစီကို ရည်ရွယ်ပြစ်တင်တာမျိုးမရှိဘဲ ဝေဖန်ခံနေရတဲ့ ကစားသမားတွေကိုတောင် မားမားမတ်မတ် ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် ကစားသမားနဲ့နည်းပြအကြား ဆက်ဆံရေးက အလွန်အမင်း အေးစက်သွားတာမျိုးမရှိပါဘူး။

အခုချိန်မှာလည်း ဖာဂူဆန်က အသင်းသားတွေနဲ့ စကားအနည်းငယ်ပြောဆိုခဲ့ပြီး ဆိုးလ်ရှားနဲ့ပတ်သက်လို့ ကာကွယ်ပြောကြားမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အခြားသောသတင်းတစ်ခုအရတော့ ယူနိုက်တက်ဟာ ဆိုးလ်ရှားကို စပါးနဲ့တစ်ပွဲတည်း အချိန်ပေးထားတာမဟုတ်ဘဲ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ၊ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအထိ (၃) ပွဲ အချိန်ပေးထားတယ်လို့လည်း သိရှိရပါတယ်။ 

Share

က္က