ယူနိုက်တက် တောင်ပံကစားသမား ဆန်ချိုဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ပုံမှန်ပွဲထွက်ခွင့်အတွက် နေရာပါပြောင်းကစားဖို့ စီစဥ်နေရပြီလို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဆန်ချိုဟာ ညာတောင်ပံတိုက်စစ်မှာ အဓိက,ကစားတဲ့ ကစားသမားဖြစ်ပြီး ယူနိုက်တက်က သူတို့ရဲ့ညာခြမ်းတိုက်စစ်အတွက် ဆန်ချိုကို ပြီးခဲ့တဲ့နွေရာသီမှာ အသည်းအသန်ခေါ်ယူခဲ့တာပါ။
ဆန်ချိုကိုခေါ်ယူဖို့ ယူနိုက်တက်တို့ အနည်းဆုံး (၁) နှစ်ကြာ ကြိုးပမ်းခဲ့ရပေမယ့် အသင်းကိုရောက်လာချိန်မှာတော့ ဆန်ချိုက ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေရပါတယ်။ ဆန်ချိုကို အခွင့်အရေးမပေးတဲ့ ဆိုးလ်ရှားကို ဝေဖန်မှုတွေရှိနေပေမယ့် ဆိုးလ်ရှားကတော့ ခေါင်းမာမာနဲ့ ရှေ့ဆက်နေဆဲပါ။
နောက်ပိုင်းပွဲစဥ်တွေမှာ ဆိုးလ်ရှားက နောက်တန်း (၃) ယောက်အထိုင်နဲ့ ၃-၅-၂ ကစားကွက်ကို ပြောင်းလဲအသုံးပြုလာတာကြောင့် လင်ဂတ်၊ ဆန်ချိုတို့လို တောင်ပံကစားသမားတွေအတွက်ကတော့ နေရာပျောက်ဖို့ပဲရှိပါတော့တယ်။ အဲ့ဒါကြောင့်လည်း ဆန်ချိုက အခုချိန်မှာ Wing Back နေရာပြောင်းကစားဖို့ စီစဥ်နေရပြီလို့ သတင်းတွေက ဖော်ပြခဲ့တာပါ။
The Athletic ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ကလည်း ဆန်ချိုကို Wing Back တစ်ယောက်အဖြစ် ကစားဖို့ ဆန္ဒရှိနေပြီး တိုက်စစ်လိုက်ပါမှုအပိုင်းမှာ အားနည်းတဲ့ ဝမ်ဘစ်ဆာကာရဲ့ နေရာအတွက် ဆန်ချိုကို အသုံးပြုချင်နေပါတယ်။ ဝမ်ဘစ်ဆာကာဟာ တိုက်စစ်လိုက်ပါတဲ့နေရာမှာ ဘောလုံးနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခြင်းမရှိတာကြောင့်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆန်ချိုဟာ အရင်ရက်တွေတည်းက ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေမှာ Wing Back တစ်ယောက်အဖြစ် နောက်ကိုပိုမို ဆင်းကစားနိုင်ဖို့ စတင်လေ့ကျင့်နေပြီလို့လည်း သိရပါတယ်။ အခြားသော သတင်းတစ်ရပ်အနေနဲ့ ဆန်ချို ရာသီအစမှာ ခြေစွမ်းမပြနိုင်တာက ပြင်းထန်တဲ့ နားပိုးဝင်ဒဏ်ရာကြောင့် လေ့ကျင့်ခန်းအစီအစဥ်တွေမှာ နားထဲကို ဂွမ်းလုံးထည့်ပြီး လေ့ကျင့်နေရတာကြောင့်လို့လည်း သိရပါတယ်။
နောက်ပိုင်းမှာ ပိုမိုဆိုးရွားသွားတာက သူ့အနေနဲ့ ခြေသလုံးဒဏ်ရာကိုပါ ခံစားခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိ ယူနိုက်တက်အတွက် တစ်ဂိုးမှမသွင်းနိုင်သေးသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်ထားနိုင်ခြင်းမရှိသေးဘူးလို့ သိရှိရပါတယ်။