ဂယ်ရီနဗီးလ်ရဲ့ဝေဖန်သံတွေကို ရန်းနစ်ဂ်က ချက်ချင်းတုံ့ပြန်ခဲ့တာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က မနေ့ညက သူ့အသင်းအပေါ်ကို ဂယ်ရီနဗီးလ်ရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်စကားပြောကြားသွားပါတယ်။ ယူနိုက်တက်အနေနဲ့ နော့ဝစ်ချ်ကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ကိုဗစ်ပြဿနာကြောင့် အခု နယူးကာဆယ်နဲ့ပွဲမှ ပြန်ကစားခွင့်ရခဲ့တာပါ။



ယူနိုက်တက်အနေနဲ့ လတ်တလော ပရီးမီးယားလိဂ်ပွဲကျပ်တွေကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ပြောနိုင်ပေမယ့် ပုံစံကောင်းပျောက်ဆုံးနေတဲ့ နယူးကာဆယ်နဲ့အတွေ့မှာတော့ ပုံစံကောင်းပျောက်ဆုံးတာက ယူနိုက်တက်ဖြစ်သွားခဲ့ပါတယ်။ ပထမပိုင်းအပြီး နယူးကာဆယ်က ၁-၀ ဂိုးနဲ့ ယူနိုက်တက်ကို ဦးဆောင်ထားချိန်မှာ ဂယ်ရီနဗီးလ်က ယူနိုက်တက်ကစားသမားတွေရဲ့ လက်က တချိန်လုံး လေထဲမြှောက်ထားပြီး စောဒကတက်ဖို့ပဲ စဥ်းစားနေတယ်လို့ ဝေဖန်ခဲ့တာပါ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ရန်းနစ်ဂ်က ဂယ်ရီနဗီးလ်ရဲ့ ဒီပြောစကားတွေကို အခုလိုပဲ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ ရန်းနစ်ဂ်က “Body Language က ပြဿနာလို့ ကျနော် မထင်ပါဘူး။ ဒါက ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပိုပြီး မေးခွန်းထုတ်ရမယ့်ကိစ္စပါ”

“နောက်ပြီး ပွဲရဲ့အရှိန်၊ အမြန်နှုန်း၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာတွေမှာ ပြဿနာရှိခဲ့ပြီး အဲ့ဒီနောက်မှသာ ဘေးထွက်ဆိုးကျိုးအနေနဲ့ Body Language က ပါလာတာပါ။ နောက်ပြီး ဒါကလည်း ကျနော်တို့အတွက် အဓိကပြဿနာတရပ်လို့ ကျနော်မထင်ပါဘူး”

“ကျနော်တို့အတွက် အဓိကပြဿနာက ပွဲကစားနေတဲ့အခိုက်အတန့်မှာ ရင်ဆိုင်ခဲ့ရတဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ကိစ္စပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရန်းနစ်ဂ်လက်ထက် ပြိုင်ပွဲစုံ (၄) ပွဲမှာ (၂) ပွဲနိုင်၊ (၂) ပွဲသရေ ရလဒ်ရရှိထားပါတယ်။

ဒါ့အပြင် ဒီ (၄) ပွဲလုံးမှာ ယူနိုက်တက်က တပွဲကိုတဂိုးထက် ပိုမိုသွင်းယူထားနိုင်ခြင်းမျိုးမရှိသေးပါဘူး။ ယူနိုက်တက်ဟာ မနေ့ညက သရေပွဲကြောင့် လိဂ်ပွဲ (၁၇) ပွဲကစားပြီးချိန်မှာ ရမှတ် (၂၈) မှတ်သာရရှိထားပြီး အမှတ်ပေးဇယား အဆင့် (၇) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ 

Share

က္က