ဗာရန်းဒဏ်ရာနဲ့ပတ်သက်လို့ ယူနိုက်တက်က တရားဝင်အတည်ပြုကြေညာခဲ့တာပါ။

ယူနိုက်တက်နောက်ခံလူ ဗာရန်းဟာ စပိန်နဲ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ ပြင်သစ်အတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဒဏ်ရာကို ကာရင်တန်မှာ အသေးစိတ်စစ်ဆေးပြီးတဲ့နောက် ဗာရန်းအနေနဲ့ ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမယ်လို့ ယူနိုက်တက်က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။



ဗာရန်းဟာ အဲ့ဒီပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် (၄၃) မိနစ်မှာတင် အူပါမီကာနိုနဲ့ လူစားလဲခဲ့ရပါတယ်။ ဗာရန်းရဲ့ဒဏ်ရာက သိပ်ပြီးမပြင်းထန်လောက်ဘူးလို့ ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်ခဲ့ကြပေမယ့် အနီးစပ်ဆုံးကစားမယ့် လက်စတာနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဥ်ကို သေချာပေါက် လွဲချော်ရတော့မှာပါ။

လက်ရှိ ယူနိုက်တက်နောက်တန်းမှာ မက်ဂွိုင်းရားကလည်း ဒဏ်ရာရရှိပြီး အနားယူနေဆဲဖြစ်ပါတယ်။ မက်ဂွိုင်းရားဟာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ပွဲချိန်အတွင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် လက်ရှိနိုင်ငံတကာ ရက်သတ္တပတ်မှာ ကစားနေတဲ့ အင်္ဂလန်လက်ရွေးစင်ရဲ့ ပွဲစဥ်တွေကိုလည်း လွဲချော်နေပါတယ်။

ယူနိုက်တက်ဟာ လက်စတာနဲ့ပွဲအပြီး လာမယ့် အောက်တိုဘာ (၂၁) မှာ ချန်ပီယံလိဂ်ပွဲစဥ်အဖြစ် စီးရီးအေကလပ် အတ္တလန်တာနဲ့ ရင်ဆိုင်ရမှာပါ။ အဲ့ဒီပွဲမှာ မက်ဂွိုင်းရား၊ ဗာရန်းတို့ လွဲချော်ဖို့ရှိနိုင်တဲ့အပြင် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရပါလိမ့်မယ်။

အဲ့ဒါကြောင့် ယူနိုက်တက်နောက်တန်းအတွက် လာမယ့်ပွဲစဥ်တွေက တော်တော်လေးစိန်ခေါ်မှုပြင်းထန်နေပြီး ဘာယီ၊ လင်ဒီလော့ဖ်အတွဲနဲ့ ဘယ်လိုမျိုးခရီးဆက်မလဲ၊ ဆိုးလ်ရှားရော ဘယ်လိုမျိုးတွေပြင်ဆင်လာဦးမလဲ စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က