ဝက်ဖို့ဒ်ကို ရှုံးနိမ့်တာဟာ ယူနိုက်တက်အတွက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်မှုဖြစ်လာခဲ့ပါတယ်။ လက်စတာကို ၄-၂၊ လီဗာပူးလ်ကို ၅-၀၊ မန်စီးတီးကို ၂-၀ နဲ့ ရှုံးအပြီး ထပ်မံအရေးနိမ့်ခဲ့တာပါ။ ဒါဟာ ပုံမှန်အတိုင်းဆိုရင် နည်းပြတစ်ဦးကို ထုတ်ပယ်ဖို့အတွက် လုံလောက်တဲ့ ရလဒ်တွေဖြစ်နေခဲ့ပါပြီ။
လီဗာပူးလ် နဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ဆက်တိုက်ရှုံးခဲ့ပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ကတော့ ဆိုးလ်ရှားကို ထပ်ပြီးထောက်ခံနေခဲ့ပါတယ်။ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ပေးနိုင်မယ်သူလို့ ယုံကြည်ပြီး ထုတ်ပယ်ဖို့အကြောင်းမရှိဘူးလို့ သတင်းတွေထွက်ခဲ့ကာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ မန်စီးတီးကို ရှုံးအပြီးမှာ ထုတ်တော့မယ်လို့ ထင်ခဲ့ပေမယ့်လည်း ဒီတိုင်းပဲ ဆက်ရှိနေခဲ့ပါတယ်။
ဒီညရှုံးပွဲကတော့ ပရိသတ်တွေရဲ့ သည်းခံနိုင်စွမ်းကိုပါ ကုန်ခမ်းသွားစေခဲ့ပါပြီ။ ပွဲထွက်စာရင်းမှာ နာလန်ထစ မက်တော်မီနေးကို ထည့်သွင်းခဲ့ပြီး ဘရာဇီးလ်မှာ ခြေစွမ်းပြခဲ့တဲ့ ဖရက်ဒ်ကိုအနားပေးကာ မာတစ်နဲ့ တွဲပေးခဲ့ပါတယ်။ တကယ်ဆို တော်မီနေးက စကော့တလန်မှာ ဒဏ်ရာရခဲ့လို့ အသင်းကိုပြန်ရောက်လာခဲ့ပြီး ကြံ့ခိုင်မှုအပြည့်အ၀မရှိသေးသူပါ။ လေ့ကျင့်မှုပြည့်၀နေပြီး ဒေါင်ဒေါင်မြည်နေတဲ့ ဗန်ဒီဘိခ်ကို အရံခုံမှာပဲ ဆက်ထားခဲ့တာကို အားလုံးက ဝိုင်းထောက်ပြခဲ့ကြပါတယ်။
စပါးကို မရောက်ခင်မှာ ယူနိုက်တက်က ဆက်သွယ်မှာကို ကွန်တီက စောင့်နေခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ကွန်တီကိုပါ လက်လွှတ်လိုက်ရပါပြီ။ အကြောင်းပြချက်ကတော့ မော်ရင်ဟိုလိုပုံစံကြောင့်လို့ ဆိုခဲ့ပြီး လက်ရှိမှာ သူတို့ရွေးချယ်စရာက အသင်းလက်မဲ့ဖြစ်နေတဲ့ ဇီဒန်းပဲ ရှိပါတော့တယ်။ ဇီဒန်းကလည်း ယူနိုက်တက်ကို လာချင်တဲ့ လေသံတွေ၊ အရိပ်အယောင်တွေပြသနေပြီး ရော်နယ်ဒိုနဲ့ ပြန်တွဲဖက်နိုင်မှာက စိတ်ဝင်စားစရာပါ။
ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ ဒီပွဲအပြီး နာရီပိုင်းအကြာမှာပဲ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီလို့ သတင်းထုတ်ပြန်တာမျိုးကို ပရိသတ်တွေ မျှော်လင့်နေမှာသေချာပါတယ်။ ပေါ့ဂ်ဘာ၊ ဒီဂီယာ၊ ဖာနန်ဒက်စ်တို့ရှိနေတဲ့အသင်းကို ဗာရန်း၊ ရော်နယ်ဒိုနဲ့ ဆန်ချိုတို့ထပ်ပေါင်းဖြည့်ပေးထားခဲ့ပေမယ့် ဆိုးလ်ရှား ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ ဒီထက်လည်း လုပ်ပြနိုင်မယ့်အနေအထားမှာ မရှိတော့ပါဘူး။ ရာသီအစောပိုင်းသာဖြစ်နေသေးလို့ စောစောစီးစီးအပြောင်းအလဲလုပ်လိုက်တာက သူတို့အတွက် ပိုပြီးတော့ ကောင်းမယ့်အနေအထားဆိုတာ သေချာပါတယ်။
ဒီလိုမှမဟုတ်ဘဲ တိကျရေရာမှုမရှိတဲ့ အကြောင်းပြချက်တွေ၊ ဘာကိုဆိုလိုမှန်းမသိတဲ့ မျှော်မှန်းချက်တွေနဲ့ ဆိုးလ်ရှားကို ပေလယျာကန်ဆက်ထားနေဦးမယ်ဆိုရင် အခြေအနေပိုဆိုးလာဖို့ကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း၊ ခံယူချက်နဲ့ အားထုတ်မှုတွေကအစ ကျဆင်းနေပြီဖြစ်ပြီး အချိန်မီပြုပြင်ပြောင်းလဲရေးမလုပ်ရင်တော့ ယူနိုက်တက်ရဲ့ အနာဂတ်က ပိုပြီးမှောင်သထက်မှောင်လာနေမှာ အသေအချာပါပဲ။