ဆိုးလ်ရှားတစ်ယောက် သူတည်ဆောက်ထားတဲ့လူစာရင်းနဲ့ ရာသီကုန်ထိ အခွင့်အရေးရသင့်တယ်လို့ ပေါလ်စခိုးလ်ကဆိုပါတယ်။

ယူနိုက်တက်ရဲ့ ဂန္တဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ အနည်းဆုံး လက်ရှိရာသီကုန်ထိ အခွင့်အရေးရဖို့ ထိုက်တန်တယ်လို့ဆိုပြီး သူ့ကိုအချိန်ပေးဖို့ ဖွင့်ဟပြောကြားလာပါတယ်။



ဆိုးလ်ရှားဟာ ဒီရာသီယူနိုက်တက်ရဲ့ ရလဒ်နဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေအတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး သူ့ကို ရာထူးက ထုတ်ပယ်ဖို့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ လီဗာပူးဂန္တဝင်ဟောင်း ကာရေဂါက ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်တို့ဟာ ဆိုးလ်ရှားကို အရမ်းကာကွယ်ပေးလွန်းတယ်လို့ ဝေဖန်ခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ ပေါလ်စခိုးလ်ကပါ အခုလို ဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပါတယ်။

ပေါလ်စခိုးလ်က “ခင်ဗျားတို့အနေနဲ့ နောက်ဆုံး (၃) နှစ် ဒါမှမဟုတ် (၄) နှစ်လောက်မှာ ဘာတွေဖြစ်ခဲ့လဲ ပြန်စဥ်းစားကြည့်လိုက်စမ်းပါ။ တကယ်ကိုရှော့ခ်ရစရာတွေချည်းပဲလေ။ မဟုတ်ဘူးလား။ ဆိုးလ်ရှားမလာခင်က ယူနိုက်တက်ပွဲတွေက ကြည့်လို့မှ မကောင်းခဲ့တာ”


“သူက အသင်းကိုပြန်လည်တည်ဆောက်ဖို့ (၂) နှစ် ဒါမှမဟုတ် (၃) နှစ်လောက် အချိန်ယူခဲ့ပြီးပါပြီ။ ဒီအသင်းမှာက Puzzle လိုပဲ အစိတ်အပိုင်းအမျိုးမျိုးကို လိုက်ဆက်ရတာပါ။ အခုချိန်မှ သင့်တော်မှန်ကန်တဲ့ အဖွဲ့အစည်းတစ်ခုပုံစံ စတင်ရရှိခါစပါ။ ရာသီအစပိုင်းမှာ ယူနိုက်တက်ကိုကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်”

“(၄) ပွဲ ဒါမှမဟုတ် (၅) ပွဲလောက်ပေါ့။ သူတို့က နယူးကာဆယ်ကို ၄-၁ ဂိုး၊ လိဒ်စ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နောက်ဆုံးနှစ်ပွဲ (ဗီလာ၊ အဲဗာတန်) ပွဲမှာတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထင် ဆိုးလ်ရှားအတွက် အခွင့်အရေးရဖို့ ထိုက်တန်ပါတယ်။ သူက အသင်းလူစာရင်းကို သေချာတည်ဆောက်နေပြီး အနည်းဆုံးတော့ သူ့ကို ဒီအသင်းနဲ့အတူ ဒီရာသီကုန်အထိ အခွင့်အရေးပေးသင့်ပါတယ်”


“သူ့အတွက် ဒါတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက်ရယ်၊ ဆုဖလားတွေကို ရယူနိုင်တယ်ဆိုတာကို သက်သေပြဖို့အတွက်ရယ်ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ကာရေဂါကတော့ ယူနိုက်တက်ဂန္တဝင်ဟောင်းတွေဟာ ဆိုးလ်ရှားက သူတို့ရဲ့အသင်းဖော်ဟောင်းတွေဖြစ်ခဲ့တာကြောင့် အခုလိုမျိုး ကာကွယ်ပေးလွန်းတယ်လို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်အတွက် ဗာရန်း၊ ဆန်ချို၊ ရော်နယ်ဒိုတို့ ရောက်ရှိလာခဲ့ပြီး အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ချင်းစီက အနည်းဆုံးပေါင်သန်း (၅၀) တန်ကြေးရှိနေတဲ့ အနေအထားမှာ ဆိုးလ်ရှားဆီကတည်ငြိမ်တဲ့ဗျူဟာနဲ့ ကစားပုံတွေကို ညွှန်ကြားပေးနိုင်ခြင်းမရှိတဲ့အပေါ် ကာရေဂါက ထောက်ပြဝေဖန်ခဲ့တာပါ။


ဒါပေမယ့် ပေါလ်စခိုးလ်ကလည်း အခုလိုမျိုး ဆိုးလ်ရှားကို ရာသီကုန်အထိ အခွင့်အရေးပေးဖို့ ပြောကြားခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ ပေါလ်စခိုးလ်ပြောသလိုပဲ သူ့ရဲ့အရည်အချင်းကို သက်သေပြနိုင်မလား ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က