ဆိုးလ်ရှားနဲ့ ဆက်ဆံရေးအဆင်မပြေဘူးဆိုတဲ့သတင်းတွေအပေါ် ပေါ့ဘာက ပြောကြားလာတာပါ။

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ လီဗာပူးကို အိမ်ကွင်းမှာ (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးတည်းက နည်းပြဆိုးလ်ရှားကို လုံးဝစကားမပြောတော့ဘဲ ဆက်ဆံရေးအဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



အဲ့ဒီပွဲမှာ ပေါ့ဘာက ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရခဲ့ဘဲ ဒုတိယပိုင်းအစမှသာ လူစားဝင်ကစားခွင့်ရခဲ့တာပါ။ ဒါပေမယ့် ပေါ့ဘာအနေနဲ့ ပွဲကစားချိန် မိနစ် (၆၀) မှာပဲ ပြိုင်ဘက် ကွင်းလယ်လူ နာဘီကီတာကို အဝင်ကြမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

လီဗာပူးနဲ့ပွဲအပြီး ယူနိုက်တက်အသင်းတွင်း အခြေအနေတွေ ရှုပ်ထွေးနေခဲ့ပြီး ဂရင်းဝုဒ်နဲ့ရော်နယ်ဒိုအကြား ပြဿနာရှိနေတယ်လို့ဆိုကြသလို ပေါ့ဘာကလည်း ဆိုးလ်ရှားကိုမကျေမနပ်ဖြစ်နေတာကြောင့် စာချုပ်သစ်ကိစ္စကိုပါ ဆိုင်းငံ့လိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ ဒါပေမယ့် ဒီအပေါ်မှာတော့ ပေါ့ဘာက အခုလိုပဲ ငြင်းဆိုခဲ့ပါတယ်။

ပေါ့ဘာက “သတင်းခေါင်းစဥ်လုပ်ဖို့ အလိမ်အညာ ကြီးကြီးမားမားတွေ ဖန်တီးနေကြတာပဲ။ ရာနှုန်းပြည့်ကို သတင်းမှားဖြစ်ပြီး ဂျာနယ်လစ်တွေက သူတို့ ရေးစရာမရှိတော့ရင် ကျွန်တော့်နာမည်ကို မြင်သာအောင် သုံးကြပါတယ်။ ကျွန်တော် ဒါမျိုး ထွက်ရှင်းရတဲ့အကြောင်းကလည်း နည်းပြ၊ အသင်းနဲ့ ပရိသတ်တွေကို လေးစားလို့ပါ”

“ခင်ဗျားတို့အနေနဲ့ သူတို့ရေးတာတွေကို မဖတ်လေ၊ ကောင်းလေပါပဲ။ ဒီလူတွေက အရှက်မရှိကြသလို ဘာမှအခြေအမြစ်မရှိတာတွေကို ရေးနေကြတာပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။ ပေါ့ဘာဟာ လက်ရှိဘောလုံးရာသီအပြီးမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးပါဘူး။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ဆိုးလ်ရှားသာ ယူနိုက်တက်မှာဆက်ရှိနေရင် အခြားကွင်းလယ်လူ ဗန်ဒီဘိခ် သေချာပေါက်ထွက်ခွာမှာဖြစ်သလို ပေါ့ဘာလည်း ယူနိုက်တက်ကို စွန့်ခွာသွားဖို့ အတော်လေး ရာခိုင်နှုန်းများနေတယ်လို့ ဆိုရမှာပါ။ 

Share

က္က