အိုးထရက်ဖို့ဒ်၊ ကာရင်တန်တို့ကို အဆင့်မြှင့်မယ့် စီမံကိန်းမှာ ဆိုးလ်ရှားရဲ့ရုံးခန်းကိုပါ ထည့်သွင်းထားတာပါ။

ယူနိုက်တက် တာဝန်ရှိသူတွေဟာ အိုးထရက်ဖို့ဒ်ကွင်းကို အဆင့်မြှင့်တင်ဖို့အပြင် နည်းပြဆိုးလ်ရှားရဲ့ ရုံးခန်းကိုပါ အဆင့်မြှင့်တင်ပေးဖို့အတွက် စီမံကိန်းတစ်ခုကို လျှို့ဝှက်ရေးဆွဲထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းကို ပရိသတ်ပိုဝင်ဆံ့ဖို့ စီစဥ်ထားတယ်ဆိုတာ ပရိသတ်တွေ သိရှိပြီးသားပါ။



ဒါပေမယ့် မသိသေးတာတစ်ခုက ဒီအထဲမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ရုံးခန်းကိုပါ အဆင့်မြှင့်တင်ပေးဖို့ အသင်းတာဝန်ရှိသူတွေက ပြင်ဆင်ထားတာဖြစ်ပြီး ဒီစီမံကိန်းနာမည်ကိုတော့ “Shine” လို့အမည်ပေးထားပါတယ်။ ဒါ့အပြင် ဒီလိုမျိုးတိုးချဲ့ အဆင့်မြှင့်တင်ဖို့ ပြင်ဆင်ထားတဲ့နေရာတွေမှာ အသင်းရဲ့ လေ့ကျင့်ရေးကွင်း ကာရင်တန်လည်း ပါဝင်မှာပါ။

ဒီအစီအစဥ်ကိုတော့ ပြီးခဲ့တဲ့သြဂုတ်တည်းက အသင်းပိုင်ရှင်ဂလေဇာမိသားစုနဲ့ လက်ရှိအမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝက်တို့ တွေ့ဆုံပြီးတဲ့နောက် အတည်ပြုချက်ရယူပြီးဖြစ်ပါတယ်။ ကိုဗစ်ကာလအလွန် လေ့ကျင့်ရေးကွင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းတို့မှာ ယိုယွင်းတဲ့လက္ခဏာတွေ မြင်တွေ့နေရတာကြောင့် အခုလို စီမံကိန်းကို သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီအထဲမှာ ဆိုးလ်ရှားရဲ့ရုံးခန်းလည်း ပါဝင်လာတာပါ။

ဒါ့အပြင် ကာရင်တန်မှာရှိတဲ့ အသင်းရဲ့စားသောက်ခန်းမကိုလည်း ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ ယူနိုက်တက်ဝန်ထမ်းတွေက အခိုင်အမာဆိုပါတယ်။ ဂန္တဝင်နည်းပြဟောင်း ဖာဂူဆန်လက်ထက်မှာ ယူနိုက်တက်ရဲ့ စားသောက်ခန်းမကို ကစားသမားတွေအပြင် အသင်းဝန်ထမ်းတွေလည်း အသုံးပြုခွင့်ရရှိခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ကိုဗစ်ကာကွယ်ရေးအပြင် အခြားသောအကြောင်းအရာတွေကြောင့် ကစားသမားသီးသန့်သာ အသုံးပြုဖို့ သတ်မှတ်ပြီး သန့်ရှင်းသပ်ရပ်မှုအပိုင်းမှာ ရာနှုန်းပြည့် စိတ်ချရအောင် ပြင်ဆင်ထားကြပါတယ်။ ဆိုးလ်ရှားရဲ့ ရုံးခန်းကိုတော့ ဆေးသုတ်မွမ်းမံမှုတွေ ပြုလုပ်ထားတယ်လို့ သိရပြီး မော်ရင်ဟိုလက်ထက်က ရုံးခန်းကို ဆိုးလ်ရှားရဲ့ တောင်းဆိုမှုနဲ့ ပြန်လည်အစားထိုးကာ အဆင့်မြှင့်တင်နေတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆိုးလ်ရှားက နိုင်ငံတကာရက်သတ္တပတ်မှာ ကစားသမားတွေကို အားလပ်ရက်တစ်ပတ်ပေးပြီး သူပါ မွေးရပ်မြေနော်ဝေကို ပြန်သွားခဲ့တာပါ။ ယူနိုက်တက်အနေနဲ့ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရုန်းကန်နေရပြီး ဆိုးလ်ရှားရဲ့ ရာထူးအတွက် မေးခွန်းထုတ်မှုတွေရှိနေပေမယ့် ဘုတ်အဖွဲ့ကတော့ ဆိုးလ်ရှားကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးသွားဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က