စာဖတ်ခြင်းအလေ့အထကို လက်ဆင့်ကမ်းဖြန့်‌‌ဝေပေးခြင်းဟာ သူ့ဘဝမှာ တာဝန်တစ်ရပ်အဖြစ် မှတ်ယူထားသူပါ

အချိန်က မနက်စောစော ၆ နာရီမျှသာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းရှိ ပါဆာဟွန်နီကျေးရွာလေးမှာ နေထွက်ခါစပဲရှိသေးပေမဲ့ ရူဒီယက်တစ်ယောက်ကတော့ စာအုပ်အများအပြားနဲ့အတူ အလုပ်ရှုပ်နေပါပြီ။

တို့ဟူးအရောင်းသမား ရူဒီယက်က သူ့ရဲ့ဆိုင်ကယ်အနောက်မှာ စာအုပ်တွေ ဒါဇင်နဲ့ချီပါဝင်တဲ့ သေတ္တာနှစ်လုံးနဲ့ နောက်ထပ် တို့ဟူးသေတ္တာတစ်လုံးကို နေရာချနေခဲ့ပါတယ်။ အားလုံးပြင်ဆင်ပြီးသွားတဲ့အခါ ရူဒီယက်က စီမောင်ခရိုင်အတွင်းရှိ ကျေးရွာတွေဆီကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။



တာဝန်တစ်ရပ်လို့ ခံယူထားသူ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ တို့ဟူးရောင်းတာက သူ့အတွက် ဝင်ငွေရတဲ့ အဓိကအလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရူဒီယက်က စာဖတ်ခြင်းအလေ့အထကို လက်ဆင့်ကမ်းဖြန့်‌‌ဝေပေးခြင်းဟာ သူ့ဘဝမှာ တာဝန်တစ်ရပ်အဖြစ် မှတ်ယူထားသူပါ။ အသက် ၄၃ နှစ်အရွယ် ရူဒီယက်က တစ်ရွာဝင်တစ်ရွာထွက် တို့ဟူးလှည့်ရောင်းရင်း သူ့ဖောက်သည်တွေကို စာအုပ်တွေလည်း ငှါးရမ်းပေးပါတယ်။

"သူတို့နဲ့ သင့်တော်မယ့်စာအုပ်တွေ ကျွန်တော်ယူသွားတယ်၊ ရွာတစ်ရွာကို ကျွန်တော်သွားမယ်ဆိုရင် ကျွန်တော့်ရဲ့ တို့ဟူးဖောက်သည်အများစုက လယ်သမားတွေပါ၊ အဲဒီတော့ ကျွန်တော်က ဘဲတွေ ဘယ်လိုမွေးမြူမလဲဆိုတာမျိုး စိုက်ပျိုးမွေးမြူးရေးအကြောင်း စာအုပ်တွေယူသွားတာပေါ့" လို့ ရူဒီယက်က ပြောပါတယ်။

"ဒါပေမဲ့ တစ်ကယ်လို့ ရွာမှာက အိမ်ရှင်မတွေ အများစုဖြစ်တယ်ဆိုရင် ကျွန်တော်က သူတို့ကို ကလေးသူငယ် ပြုစုပျိုးထောင်ရေးလို မိဘတွေအတွက် သင့်တော်တဲ့စာအုပ်တွေ ငှါးလိုက်တာပေါ့" လို့ သူက CNA သတင်းဌာနကို ရှင်းပြပါတယ်။ ရူဒီယက်ဟာ တစ်လကို အင်ဒိုနီးရှား rupiah ငွေ ၁.၅ သန်း (အမေရိကန်ဒေါ်လာ ၁၀၅) ဝင်ငွေရရှိပြီး အနောက်ဂျာဗားရဲ့ အနိမ့်ဆုံးလုပ်အားခ rupiah ငွေ ၁.၈ သန်းထက် လျော့နည်းနေပေမဲ့လည်း သူက ဝင်ငွေရဲ့ ၂.၅ ရာခိုင်နှုန်းကို စာအုပ်တွေဝယ်ဖို့ သီးသန်ချန်ထားလေ့ရှိပါတယ်။

ရူဒီယက်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က အလုပ်စလုပ်ခဲ့ချိန်ကတည်းက စာအုပ် ၃,၅၀၀ ခန့် ဝယ်ယူစုဆောင်းလာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ပရဟိတအလုပ်ကို သိရှိအားပေးကြတဲ့ အလှူရှင်တွေကလည်း စာအုပ် ၂,၅၀၀ ခန့် လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။ "ကျွန်တော်က တို့ဟူးစာအုပ်တွေလို့ အမည်ပေးထားတယ်ဗျ၊ တို့ဟူးရှိရင် စာအုပ်ရှိတယ်၊ စာအုပ်တွေက အသိပညာ ဗဟုသုတကြွယ်ဝစေပြီး တို့ဟူးက ကျန်းမာစေတယ်" လို့ ရူဒီယက်က ပြောပါတယ်။ သူ့ဆီကနေ စာအုပ်တွေငှါးပြီး ပြန်မပေးခဲ့ရင်လည်း စိတ်မဆိုးဘူးလို့လည်း သူကဆိုပါတယ်။

ကျွန်တော်က တို့ဟူးစာအုပ်တွေလို့ အမည်ပေးထားတယ်ဗျ၊ တို့ဟူးရှိရင် စာအုပ်ရှိတယ်၊ စာအုပ်တွေက အသိပညာ ဗဟုသုတကြွယ်ဝစေပြီး တို့ဟူးက ကျန်းမာစေတယ်

အစပိုင်းမှာ စာအုပ်ငှားဖတ်သူ အနည်းငယ်မျှသာဖြစ်ပေမဲ့ ရူဒီယက်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ယခုအခါမှာတော့ ပုံမှန်စာဖတ်သူတွေရှိနေပါပြီ။ ဒါဇင်နဲ့ချီတဲ့ စာဖတ်သူအချို့ကတော့ သူတို့ရွာကို ရူဒီယက်မလာခင် တစ်ရက်ကြိုပြီး ဖတ်ချင်တဲ့အကြောင်းအရာကို မက်ဆေ့ချ်ပေးပို့ပြီး ပြောကြပါတယ်။ ရူဒီယက်က သူ့အိမ်ကနေ ၁၂ မိုင်ကျော်ကနေ ၁၈ မိုင်ကျော် ဝေးကွာတဲ့ Pangalengan ခရိုင်အတွင်း လက်ဖက်စိုက်ခင်းများရှိရာသို့လည်း သွားရောက်လေ့ရှိပါတယ်။

ကလေးဘဝမှာပင် ကျောင်းထွက်ခဲ့ရသူ

ရူဒီယက်ဟာ မိဘမစုံလင်ခဲ့ဘဲ ကြုံရာကျပန်း အလုပ်လုပ်တဲ့ မိခင်နဲ့သာ ကြီးပြင်းခဲ့ရသူပါ။ လေးတန်းအောင်ပြီးချိန်မှာတော့ ငွေကြေးအခက်အခဲကြောင့် ရူဒီယက် ကျောင်းထွက်ခဲ့ရပါတယ်။ "ကျွန်တော့် ပတ်ဝန်းကျင်က ကလေးတွေက ကျွန်တော့်ကို နှိမ်ချပြောဆိုကြတာပေါ့၊ ကျွန်တော်က ကျောင်းထွက်ရတဲ့ကောင်လို့ ပြောခဲ့ကြပြီး လှောင်ပြောင်တဲ့ နာမည်တွေလည်းခေါ်ကြတာပဲ" လို့ သူက ငယ်ဘဝအကြေင်း ပြန်ပြောပါတယ်။

ဒါပေမဲ့ ရူဒီယက်က စိတ်ဓာတ်မကျခဲ့ပါဘူး။ "ကျွန်တော် ကျောင်းထွက်ခဲ့ရပေမဲ့ ဘဝမှာ ဒါကို လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့တယ်" လို့ သူကဆိုပါတယ်။ ရူဒီယက်ဟာ အသက် ၁၉ နှစ်အရွယ်မှာ တို့ဟူးစက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ပြီး လစာရဲ့ ၂.၅ ရာခိုင်နှုန်းကို စာအုပ်တွေဝယ်ဖို့ ဖယ်ထားခဲ့ပါတယ်။ သူက စက်ရုံကို စာအုပ်တွေယူလာပြီး အားလပ်ချိန်မှာ ဖတ်လေ့ရှိပါတယ်။

"စာဖတ်တာက ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်နိုင်တယ်ဆိုတာ ကျွန်တော် ပြချင်ခဲ့တယ်" လို့ ရူဒီယက်က ဖွင့်ဟခဲ့ပါတယ်။ တစ်နှစ်ကြာပြီးနောက်မှာတော့ ရူဒီယက်တစ်ယောက် သူ့လိုပင် စာအုပ်တွေကို နှစ်သက်တတ်တဲ့ သူ့ဘဝရဲ့လက်တွဲဖော် ချစ်သူကို တွေ့ရှိခဲ့ပါတယ်။ ရူဒီယက်က သူ့ချစ်သူနဲ့ လက်ထပ်ခဲ့ပြီးနောက် အတူနေကြတဲ့အခါ တစ်‌ယောက်စီမှာ စာအုပ်သုံးအုပ်စီပါလာခဲ့ကြတယ်လို့ ဆိုပါတယ်။

စာဖတ်တာက ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်နိုင်တယ်ဆိုတာ ကျွန်တော် ပြချင်ခဲ့တယ်

၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ ပုံမှန်လစာရတဲ့ အလုပ်ကနေထွက်ခဲ့ပြီး စက္ကူအဟောင်း ပြန်လည်သုံးစွဲရန်လုပ်ဆောင်တဲ့ စက်ရုံတစ်ရုံမှာ သူအလုပ်ဝင်လုပ်ခဲစဥ်ကလည်း လစဥ်ဝင်ငွေထဲကနေ စာအုပ်ဝယ်ဖို့ ၂.၅ ရာခိုင်နှုန်း သုံးစွဲနေခဲ့တာကို ဇနီးက မငြိုငြင်ခဲ့ဘူးလို့ ရူဒီယက်က အမှတ်တရ ပြန်ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရူဒီယက်ဟာ အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်ရခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်မှာ အလုပ်ထွက်ပြီး တို့ဟူးရောင်းမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

တို့ဟူးစက်ရုံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ရူဒီယက်က တို့ဟူး ဘယ်လိုလုပ်တယ်ဆိုတာ ကောင်းစွာသိနားလည်သူပါ။ ထိုအချိန်ကတည်းက ရူဒီယက်မှာ စာအုပ်တွေ စုဆောင်းထားပြီဖြစ်ကာ အိမ်နီးချင်းတွေက မကြာခဏ ငှါးရမ်းကြလေ့ရှိပါတယ်။ သူ့ဆီကနေ အိမ်နီးချင်းတွေက စာအုပ်ငှါးဖတ်ကြတာ သတိပြုမိပြီးနောက် တခြား ရွာသွားတွေလည်း စာဖတ်ချင်ကြမှာပဲလို့ ရူဒီယက် ယုံကြည်သွားခဲ့ပါတယ်။

အထူးသဖြင့် စာတတ်မြောက်မှု ၁၀၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ အနောက်ဂျာဗားမှာ စာဖတ်ချင်ကြမှာ သေချာတယ်လို့ သူက ယုံကြည်ခဲ့ပြီး သူ့ရဲ့ တို့ဟူးဖောက်သည်တွေအတွက် နေ့စဥ် စာအုပ် ၁၀ အုပ် ယူသွားခြင်းဖြင့် စတင်ခဲ့ပါတယ်။ အစပိုင်းမှာ ရူဒီယက်ရဲ့ တို့ဟူးဖောက်သည်တွေက စာအုပ်တွေကို စိတ်မဝင်စားခဲ့ကြပါဘူး။

ရူဒီယက်က ကလေးတွေကို ချဥ်းကပ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး သူတို့ကို တို့ဟူး အလကားပေးပြီး တစ်ချိန်တည်းမှာပဲ ကလေးဖတ်စာအုပ်တွေ ငှါးရမ်းပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ရွာသားတွေကလည်း ရူဒီယက်ထံမှ စာအုပ်ငှါးဖတ်တဲ့ စာဖတ်ပရိသတ်တွေ တဖြည်းဖြည်း ဖြစ်လာခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်မှာ ရူဒီယက်က သူ့ဆိုင်ကယ်အနောက်မှာ သေတ္တာသုံးလုံးတပ်ဆင်ရန် ဆုံးဖြတ်ခဲ့ပြီး စာအုပ်တွေနဲ့ တို့ဟူးတွေကို နေ့စဥ် သယ်ဆောင်သွားလေ့ရှိပါတယ်။

သမ္မတက အသိအမှတ်ပြု ဖိတ်ကြားခံရသူ

ရူဒီယက်ရဲ့ လုပ်ဆောင်ချက်ကို သိရှိကြတဲ့ Bandung ဒေသမှ တာဝန်ရှိသူတွေက သူ့ကို ဖိတ်ခေါ်ပြီး ဒေသတွင်း ကျေးရွာအနည်းငယ်မှာ ကလေးတွေ စာဖတ်တဲ့အလေ့အထရှိရန် လက်ဆင့်ကမ်းဖြန့်ဝေပေးဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ စာတတ်မြောက်မှုနှုန်းနိမ့်ကျပြီး ဆိုးသွမ်းလူငယ်တွေရှိရာ ကျေးရွာတစ်ရွာမှာ လူငယ်တွေကို ပညာပေးရန်လည်း ရူဒီယက်ကို တာဝန်ပေးခဲ့ကြပါသေးတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေက ရူဒီယက်ကို သူ့အိမ်ဘေးမှာ စာကြည့်တိုက်ငယ်တစ်ခု တည်ဆောက်ရန်နဲ့ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ရန်ပင် အားပေးကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း အင်ဒိုနီးရှားပညာရေးဝန်ကြီးဌာနကလည်း ရူဒီယက်ရဲ့ လုပ်ဆောင်ချက်ကို သိရှိသွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ပညာရေးဝန်ကြီးဌာနက ရူဒီယက်ကို စင်ကာပူနိုင်ငံသို့ ပညာသင်ဆုပေးပြီး နောက်ပိုင်းမှာ သူလေ့လာသိရှိခဲ့တာတွေကို ရေးသားပေးရန် ကမ်းလှမ်းခဲ့ပါတယ်။

ကံမကောင်းစွာပဲ ရူဒီယက်က လူဝင်မှုကြီးကြပ်ရေးရုံးကို ပတ်စ်ပို့လျှောက်ထားရန် ဆိုင်ကယ်စီးနင်းသွားစဥ် မတော်တဆမှုဖြစ်ပြီး လက်မောင်းနဲ့ ရင်ဘတ်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီဒဏ်ရာတွေကြောင့် သူဟာ တို့ဟူးကို ကိုယ်တိုင် မလုပ်နိုင်တော့ရာ စက်ရုံကနေဝယ်ယူပြီး ရွာတွေကို ဆိုင်ကယ်ဖြင့် တို့ဟူး လှည့်လည်ရောင်းရင်း စာအုပ်တွေပါယူဆောင်သွားမယ်လို့ ရူဒီယက်က ဆုံးဖြတ်ခဲ့ပါတယ်။

ဆိုင်ကယ်မတော်တဆမှုဟာ ရူဒီယက်အတွက် စင်ကာပူခရီးစဥ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ရူဒီယက်အတွက် နောက်ထပ် အံ့အားသင့်စရာ ကြုံခဲ့ရပြန်ပါတယ်။ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီရဲ့ လက်ထောက်တစ်ဦးက ရူဒီယက်ကို ဖုန်းခေါ်ဆိုလာခဲ့ပြီး အမျိုးသားပညာရေးနေ့ အခမ်းအနားကို သမ္မတနဲ့ အခြား စာတတ်မြောက်ရေး တက်ကြွလှုပ်ရှားသူ အနည်းငယ်နဲ့အတူ တက်ရောက်နိုင်ရန် ဂျကာတာမြို့ရှိ နန်းတော်သို့ ဖိတ်ကြားခံရတာပဲ ဖြစ်ပါတယ်။

"ဒါက လာနောက်နေတာပဲလို့ ကျွန်တော် ထင်ခဲ့သေးတယ်၊ သမ္မတကို ကျွန်တော် တွေ့ရတဲ့အခါ အိမ်မက်မက်နေတာလားလို့ ထင်ခဲ့မိသေးတယ်ဗျ၊ ဒါတစ်ကယ်ကြီလားပေါ့" လို့ ကလေးသုံးဦးရဲ့ဖခင် ရူဒီယက်က သူ့ခံစားချက်ကို ပြောပါတယ်။ သမ္မတက ဖိတ်ကြားတာခံရမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမကြည့်ခဲ့ဖူးပါဘူးလို့လည်း သူကဆိုပါတယ်။

ကျွန်တော် မျှော်လင့်ထားတာထက်ပိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျောင်းထွက်လိုက်ရချိန်မှာ ကျွန်တော့်အိပ်မက်ကို မြေမြှုပ်ခဲ့ပြီလေ

"စာတတ်မြောက်ရေး စာဖတ်ရေးကို အာရုံစိုက်လုပ်မယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့ချိန်က ဒါက အခွင့်အရေးတွေရှိလာမယ်လို့ စိတ်မကူးခဲ့ဖူးပါဘူး၊ ကျွန်တော် စင်ကာပူသွားဖို့၊ သမ္မတနဲ့ ဝန်ကြီးနဲ့တွေ့ဖို့ ဖိတ်ကြားခံရတယ်၊ ဒါက ကျွန်တော် မျှော်လင့်ထားတာထက်ပိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျောင်းထွက်လိုက်ရချိန်မှာ ကျွန်တော့်အိပ်မက်ကို မြေမြှုပ်ခဲ့ပြီလေ" လို့ ရူဒီယက်က ပြောခဲ့ပါတယ်။ ရူဒီယက်က အနာဂတ်မှာ လူများစွာအတွက် အကျိုးရှိစေမယ့် အခမဲ့ စာသင်ကျောင်းတစ်ကျောင်း တည်ဆောက်ပေးချင်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

Photo: Rudiat, Jumari Haryadi, Siti Hasyah


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က