ကျောက်မြောင်းမှာ ဖွင့်လှစ်ထားတဲ့ Sushi Hoshi ဆူရှီဆိုင်လေးပါ။

ကောင်းမွန်တဲ့လက်ရာ သင့်တင့်တဲ့ ဈေးနှုန်းကြောင့် ဆူရှီကြိုက်သူတွေရဲ့လက်ခံအားပေးမှုကို အပြည့်အဝရရှိထားတဲ့ဆိုင်လေး တစ်ဆိုင်နဲ့ Duwun ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။




စားဖိုမှူးပဲဖြစ်ချင်ခဲ့သူ


ဒီဆိုင်လေးကတော့ ကျောက်မြောင်းမှာ ဖွင့်လှစ်ထားတဲ့ Sushi Hoshi ဆူရှီဆိုင်လေးပါ။ဒီဆိုင်လေးရဲ့ ပဲ့ကိုင်ရှင်က ငယ်စဥ်တည်းက စားဖိုမှုးတစ်ဦးဖြစ်ဖို့ ရည်မှန်းခဲ့သူဖြစ်ပြီး ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းနေသူ အသက်နှစ်ဆယ်ကျော်လူငယ်လေးတစ်ဦးပါ။ ဂျပန်စားသောက်ဆိုင်တစ်ခုမှာ စားဖိုဆောင်ဝန်ထမ်းအဖြစ်လုပ်ကိုင်ရာကနေ ဝါသနာနဲ့ကြိုးစားမှုကြောင့်အခု‌တော့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုအစပြုနိုင်နေပြီဖြစ်ပါတယ်။



"ကျွန်တော်က ငယ်ငယ်ကတည်းက စားဖိုမှူးပဲဖြစ်ချင်ခဲ့တာ။ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရတာကိုကြိုက်တယ်။ ကျွန်တော်ဝါသနာပါတဲ့အလုပ်နဲ့ပဲအသက်မွေးဝမ်းကြောင်းလုပ်ချင်တော့ ဆယ်တန်းပြီးကတည်းက ဒါနဲ့သက်ဆိုင်တာတွေပဲလုပ်ပြီး ဒီလမ်းကြောင်းကိုပဲရွေးချယ်ခဲ့တာပါ"လို့ Sushi Hoshi ရဲ့ပဲ့ကိုင်ရှင် ကိုရှင်းသန့်နေက ပြောပါတယ်။


ကိုယ်ပိုင်လုပ်ငန်းလေးရဲ့အစက


ကန်တော်ကြီးဟိုတယ်ရဲ့ ဂျပန်စား‌သောက်ဆိုင်မှာ စားဖိုဆောင်ဝန်ထမ်းအဖြစ်အလုပ်ဝင်လုပ်ကာ ဂျပန်အစားအစာကိုအလုပ်လုပ်ရင်း လေ့လာခွင့်ရခဲ့တယ်လို့ သူက ဆိုပါတယ်။ ကန်တော်ကြီးဟိုတယ်ကနေ အလုပ်နားပြီးတဲ့နောက်မှာ ကိုယ်ပိုင်ဆူရှီဆိုင်လေးဖြစ်လာဖို့ အစပြုခဲ့တယ်လို့ ကိုရှင်းသန့်နေကပြောပြပါတယ်။



ငွေတစ်သိန်းနဲ့စခဲ့တဲ့ဆိုင်လေး


ဆူရှီဆိုင်လေးကို‌တော့ အွန်လိုင်းဆိုင်လေးအဖြစ်နဲ့ စတင်ခဲ့တာပါ။အရင်းအနှီးတစ်သိန်းနဲ့စခဲ့တဲ့ဆိုင်လေးဟာ ပထမဆုံးရက်မှာတော့ ၁၃၀၀တန်ဆူရှီတစ်ပွဲသာရောင်းခဲ့ရတာပါ။

"ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းလုပ်မယ်ဆိုတော့ကျွန်တော်ဆူရှီကိုပဲရွေးခဲ့တယ်။အရင်းနှီးတစ်သိန်းနဲ့စခဲ့တာ။ အွန်လိုင်းကနေအော်ဒါကောက်ပြီးရောင်းတာ ပထမဆုံးအော်ဒါက သူငယ်ချင်းကမှာတာ ၁၃၀၀တန်ဆူရှီတစ်ပွဲ အဲ့အော်ဒါတစ်ပွဲနဲ့စခဲ့တာ"လို့ ကိုရှင်းသန့်နေကပြောပါတယ်။


ရောင်းအားတတ်ပြီး ဖောက်သည်များလာ


စစချင်းမှာ ရောင်းအားမကောင်းခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ ကိုယ်ရဲ့ကျွမ်းကျင်မှုကိုယုံကြည်စိတ်နဲ့ရှေ့ဆက်ခဲ့တယ်လို့ ကိုရှင်းသန့်နေကပြောပါတယ်။ အခုတော့ ကိုရှင်းသန့်နေရဲ့ ဆူရှီဆိုင်လေးဟာ တစ်ရက်ကို ( ၂)သိန်းဖိုးလောက်ရောင်းရတဲ့အထိ စားသုံးသူအခိုင်အမာနဲ့ ရပ်နေနိုင်တည်နေတဲ့ ဆိုင်လေးဖြစ်နေပါပြီ။ ဒီလိုဆူရှီဆိုင်လေးအောင်မြင်ဖို့ မိသားစု၀င်တွေရဲ့ပံ့ပိုးမှုကလည်း ခွန်အားတစ်ခုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။



ဆူရှီမီနှူးနဲ့ဈေးနှုန်း


Sushi Hoshi ဆိုင်လေးမှာတော့ ဆူရှီအမျိုးအစား (၃၀) ကျော်ထိရရှိနိုင်ပြီး ဆူရှီတစ်ပွဲချင်းအလိုက် စျေးနှုန်းတွေကတော့ (၂၃၀၀) ကျပ် ကနေ (၃၆၀၀) ကျပ်အတွင်း ဖြစ်ပါတယ်။ ဒါ့အပြင် (၃) ယောက်ကနေ (၄) ယောက်အထိ စားသုံးနိုင်တဲ့ ဆူရှီbox လေးတွေလည်းရရှိနိုင်ပါတယ်။ Sushi Hoshi page ကနေတစ်ဆင့် အွန်လိုင်းကနေလဲမှာယူနိုင်သလို ဆိုင်မှာလည်းသွားရောက်စားသုံးနိုင်ပါတယ်။


Sushi Hoshiဆိုင်လေးရဲ့လိပ်စာက


ဆိုင်လိပ်စာလေးကတော့ ကျောက်မြောင်း သတိပဌာန်လမ်းထောင့်အနီး နိဂြောဓလမ်းထဲမှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကညနေ၄နာရီ ကနေည၈နာရီအထိဖြစ်ပါတယ်။ ဆူရှီကြိုက်သူတွေအတွက် စျေးတန်ပြီးလက်ရာကောင်းတဲ့ဆိုင်လေးမို့ စားဖြစ်အောင်စားကြည့်ကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။









ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က