ဝက်သားဆို အရသာမျိုးစုံ၊အမယ်မျိုးစုံရတဲ့ဆိုင်လေးပါ။

ဝက်သားနဲ့ပတ်သတ်ရင် တုတ်ထိုးကစပြီး အရသာမျိုးစုံ၊အမယ်မျိုးစုံ ရရှိနိုင်တဲ့ မြောက်ဒဂုံမြို့နယ်က ဝက်ဘုရင်ဆိုတဲ့ဆိုင်လေးကို Duwun ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။



ဝက်ဘုရင်ဆိုင်လေး အစပြုရာ

 ဝက်ဘုရင် ဝက်သားတုတ်ထိုးဆိုင်လေးကိုတော့ (၂၀၁၁)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သက်တမ်းဆယ်နှစ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ လစာကောင်းတဲ့ စားဖိုမှူးဝန်ထမ်းဘဝကို စွန့်လွှတ်ပြီး ယုံကြည်မှုနဲ့ စတင်ခဲ့တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးဟာ လက်ရှိမှာတော့ ရန်ကုန်မြို့ရဲ့ လူသိများတဲ့ ဝတ်သားတုတ်ထိုးဆိုင်လေးဖြစ်လာပါတယ်။  "ကျွန်တော်က ၁၇နှစ် ၁၈နှစ်လောက်ထဲက ဟိုတယ်တွေမှာ အလုပ်လုပ်ခဲ့တယ်။ အဲ့ကနေမှ စားဖိုမှူးအဖြစ် တောက်လျှောက် အလုပ်လုပ်ခဲ့တာပေါ့ ။ အဲ့လို ဝန်ထမ်းဘဝကနေမှ ကိုယ်ပိုင်စီးပွားရေးလေး တစ်ခု စလုပ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ အလုပ်ထွက်ပြီး ဒီဆိုင်လေးကို စလုပ်ခဲ့တာပါ"လို့ ဝက်ဘုရင် ဝက်သားတုတ်ထိုးဆိုင်ပိုင်ရှင် ကိုသက်နိုင်က ပြောပါတယ်။

 တစ်ရက်ကို ဝက်သားပိဿာ (၃၀) ခန့်ကုန်တဲ့အထိ ရောင်းရလာ

 ဝက်သားတုတ်ထိုးဆိုင်ဖွင့်စက တစ်ရက်ကို သုံးပိဿဝန်းကျင်လောက်သာရောင်းခဲ့ရတဲ့ ဆိုင်လေးဟာ လက်ရှိမှာတော့ ဆိုင်ခွဲဖွင့်နိုင်တဲ့အထိ အောင်မြင်တဲ့ဆိုင်လေးဖြစ်လာပါပြီ။ အခုဆို တစ်ရက်ကို ဝက်သားပိသာ (၃၀)ဝန်းကျင်ကုန်ပြီးတဲ့ အပြင် အနုပညာရှင်တွေကပါ တကူးတက လာရောက်စားသုံးတဲ့အထိ စားသုံးသူတွေရဲ့ အခိုင် အမာ အားပေးမှုကို ရရှိတဲ့ဆိုင်လေးဖြစ်ပါတယ်။ "ကျွန်တော့ဆိုင်မှာက ဝက်သားနဲ့ပတ်သက်ရင် အမြီးကလွဲရင် အကုန်လုံး ရတယ်။အခုက တောင်ဥက္ကလာမှာဆိုင်ခွဲဖွင့်ထားတယ်။ နောက်ထပ်ဆိုင်‌ခွဲလေး တွေ ထပ်ဖွင့်နိုင်ဖို့လည်းစဉ်းစားထားတာတော့ရှိတယ်။ တစ်ရက်ကို (၁၀)သိန်းဖိုးဝန်းကျင်လောက် ရောင်းရတယ်။ ဆိုင်ကရတဲ့ဝင်‌ငွေနဲ့  ကျွန်တော့်မိသားစုလည်း အဆင်ပြေပြေနေနိုင်တယ်။ ဝန်ထမ်းတွေလည်း အဆင်ပြေတယ်။ နောက်ကိုယ်လုပ်ချင်တဲ့ အလှူအတန်းတွေလည်း လုပ်နိုင်တော့ ဒီအလုပ်လေးကို ကျေနပ်ပါတယ်"လို့ ကိုသက်နိုင်ကဆိုပါတယ်။

 ဝက်ဘုရင်ဝက်သားတုတ်ထိုးရဲ့စားကောင်းရတဲ့လျို့ဝှက်ချက်

ဝက်ဘုရင် ဝက်သားတုတ်ထိုးရဲ့ စားကောင်းရတဲ့ လျို့ဝှက်ချက်တစ်ခုကတော့ ကုန်ကြမ်းရွေးချယ် သုံးစွဲမှုဖြစ်ပါတယ်။ ပါဝင်တဲ့အမယ်ပစ္စည်းတွေကို အရည်အသွေးအကောင်းဆုံးရရှိဖို့အတွက် ထွက်ရှိရာ ဒေသတွေကနေ မှာယူသုံးစွဲသလို အဓိကကျတဲ့  ဝက်သားကိုလည်း အရည်သွေးကောင်းပြီး လတ်ဆက်တာကိုသာ ဝယ်ယူသုံးစွဲတာဖြစ်ပါတယ်။ဒီလိုကုန်ကြမ်း‌‌ရွေးချယ်မှု‌နဲ့ ကျွမ်းကျင်တဲ့စားဖိုမှူး ရဲ့လက်ရာ‌ပေါင်းစပ်လိုက်တဲ့အခါ ဝက်ဘုရင်ရဲ့ဝက်သားတုတ်ထိုးအရသာက တမူကွဲပြားပြီး စားသုံးသူတွေကို နှစ်သက်မှုရစေတာဖြစ်ပါတယ်။

 "အခုလိုစာသုံးသူတွေနှစ်သက်တဲ့အရသာ ရဖို့အတွက်က အဆင့်ဆင့်ပြောင်းလဲကြိုးစားခဲ့ရတာပေါ့။ အဓိကကတော့ အသားရဲ့လတ်ဆက်မှုနဲ့ကုန်ကြမ်းရွေးချယ်မှုအပိုင်းပါ။ လိုအပ်တဲ့ကုန်ကြမ်းတွေကို ဒေသအလိုက် အကောင်းဆုံးဆိုတဲ့နေရာကမှာယူသုံးစွဲတယ် ။ ငရုပ်ကောင်းဆို ရေးကမှာယူတယ်။ အညာကဆို ထန်းညက်မှာတယ်။ တချို့လိုတဲ့ပစ္စည်းတွေဆို တရုတ်ကနေမှာတယ်" လို့ ကိုသက်နိုင်ကပြောပါတယ်။

 သမီးလေးပေးတဲ့ဆိုင်နာမည်

 ဆိုင်စဖွင့်စက ဆိုင်နာမည်ကို ဗေဒင်တွက်ပြီး ပေးခဲ့တာမျိုးရှိပေမယ့် ချစ်စရာကောင်းလှတဲ့ ဝက်ဘုရင်ဆိုတဲ့ ဆိုင်နာမည်လေးကိုတော့ သမီးဖြစ်သူက ပေးခဲ့တာလို့ဆိုပါတယ်။ဖခင်ဖြစ်သူရဲ့ ဝက်သားတုတ်ထိုး လက်ရာကကောင်းလွန်းတာကြောင့် အရသာက ဝက်ဘုရင်ပဲဆိုတဲ့ မှတ်ချက်လေးကနေ ဆိုင်နာမည်လေးပေးဖြစ်ခဲ့တာပါ။

 ဝက်ဘုရင်ဆိုင်လေးမှာရနိုင်တဲ့မီနူးနဲ့ ဝက်သားတုတ်ထိုးဈေးနှုန်း

 ဝက်ဘုရင် ဝက်သားတုတ်ထိုးဆိုင်မှာတော့ ဝက်သားတုတ်ထိုး အစုံပြင် ဝက်နို့အုံသားကင်၊သူမတူ အူကောက်ညှင်းနဲ့ဝက်ဦးနှောက်ပေါင်းတွေကလဲ ဝက်ဘုရင်ဆိုင်ရဲ့ လူကြိုက်များတဲ့ မီနူးတွေပါ။ တခြားရနိုင်တဲ့မီနူးတွေကတော့ ရှယ်သုံးထပ်သားကင်၊ နံနုအသားကင်၊ ဝက်အူစုံကြော်၊ ဦးနှောက်အူပိတ်၊ ရိုးရာဝက်ခြေထောက်/လက်စွပ်ပြုတ်၊ သူမတူအူကောက်ညှင်း၊ စပ်ပြဲလှန်အူပြုတ်၊ ဝက်ခေါင်းသုပ်၊ ဝက်ကလီစာသုပ်၊ ဝက်အူစုံသုပ်၊ဝက်ဦးနှောက်ပေါင်း၊ကြာဇံကြော်တို့ရရှိနိုင်ပါတယ်။ ဈေးနှုန်းလေးကတော့ ဝက်သားတုတ်ထိုးတစ်ချောင်း ၃၀၀ကျပ်ပါ။

 ဝက်ဘုရင်ဆိုင်လေးရဲ့တည်နေရာ

ဝက်ဘုရင်ဝက်သားတုတ်ထိုးရဲ့ဆိုင်လိပ်စာလေးကတော့ အမှတ်(၂၀၉) ဆည်မြောင်းလမ်းနှင့်မြေတိုင်းလမ်းထောင့် ၄၅ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်မှာပါ။ ဆိုင်ခွဲသစ်အနေနဲ့ကတော့  ပါရမီလမ်း၊ ပါရမီဂုံးတံတားအနီး ဖွင့်လှစ်ထားတာကြောင့် ဝက်ဘုရင်ရဲ့ ဝက်သားအရသာကို မြည်းစမ်းချင်သူတွေအနေနဲ့ တစ်ခါလောက်တော့သွားစားကြည့်ကြဖို့ ညွှန်းပေးလိုက်တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က