ဒီဇာတ်ကားအပေါ် သူမရင်ထဲက စကားသံကိုလည်း ပြောပြခဲ့ပါသေးတယ်။

အေးမြတ်သူကတော့ “အချစ်၏ နောက်ဆက်တွဲစာမျက်နှာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရတဲ့အချိန်မှာ ကံကောင်းခြင်းတွေ တစ်ခုပြီးတစ်ခု ပိုင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ 

Photo: Amazing Grace



သရုပ်ဆောင် အေးမြတ်သူကတော့ အမျိုးသားစာပေဆုက ဆရာမကြီးဝင်းဝင်းလတ် ရဲ့ နာမည်ကျော်ဝတ္ထုဖြစ်တဲ့ “ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ” ဆိုတဲ့ စာအုပ်လေးကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရာမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သူမရဲ့ကာရိုက်တာကိုတော့ ဒေါက်တာ ခင်ဦးနွယ်အဖြစ် မြင်တွေ့ရမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဒီဇာတ်ကား ရိုက်ခွင့်ရတာ အေးမြတ်သူအတွက် ကံကောင်းတယ်လို့ ပြောရမယ်။ ကိုယ်ပါဝင်ရမယ်လို့ ထုတ်လုပ်ရေးကနေတဆင့် ပရိသတ်ကိုကြေညာလိုက်တဲ့အချိန်မှာ ဒီစာအုပ်ကို ချစ်ကြတဲ့ ပရိသတ်တွေက စာတွေ ပို့လာကြတယ်။ ဒီဇာတ်ကားရဲ့ ဘယ်လို နေရာတွေက အနစ်သာရရှိတယ်။ ဘယ်ဇာတ်ဝင်ခန်းတွေက ဇာတ်ရဲ့ တန်ပို အမြင့်ဆုံးတွေ ဖြစ်တယ်ဆိုတာကို အကြံဉာဏ်တွေ ပေးကြတယ်။ အဲဒီအတွက် ပိုအားရှိသွားတယ် ဒါကြောင့် ဒါရိုက်တာရဲ့ သင်ပြမှုတွေကိုရော၊ ဆရာမကြီးနဲ့ ကိုယ့်ကို ချစ်ပေးကြတဲ့ စာချစ်သူတွေရဲ့ အားပေးမှုတွေကြောင့်ရော ပိုကြိုးစားမယ်၊ အားလည်း တိုးပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Aye Myat Thu

အချစ်၏ နောက်ဆက်တွဲစာမျက်နှာ ဆိုတဲ့စာအုပ်ကိုတော့ ၁၉၉၅ ခုနှစ်အတွင်းက စာရေးဆရာမကြီး ဝင်းဝင်းလတ်က မြေလတ်ဒေသမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေကို ရေးသားပုံဖော် ခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဆရာဝန်များစွာ၊ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို အများကြီး ခံခဲ့ရတာဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်သွားမယ့် ဒါရိုက်တာကတော့ ညွှန့်မြန်မာညီညီအောင်ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်မယ့် သူတွေကတော့ မင်းမော်ကွန်း၊ အေးမြတ်သူ၊ ငြိမ်းသော်၊ ထက်ထက်ထွန်းနဲ့ ဝမ်ဝမ်း တို့က အဓိက ပါဝင်သွားမယ်လို့ သိရပါတယ်။ 

Photo: Amazing Grace

အေးမြတ်သူဟာ “အချစ်၏ နောက်ဆက်တွဲစာမျက်နှာ” ဆိုတဲ့ ဝတ္ထုကို သူမကိုယ်တိုင်လည်း အရမ်းကြိုက်ခဲ့ရတဲ့ စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ဟာ သူမရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်တယ်လို့လည်း မတ်လ ၂၁ ရက်နေ့က Shwe Series များ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ အေးမြတ်သူ ကိုယ်တိုင်လည်း ဒီစာအုပ်ကိုဖတ်တာ အခေါက်ပေါင်းတော်တော် ကြေနေပါပြီ။ ဖတ်လိုက်တိုင်းလည်း မြေလတ်မှာရှိတဲ့ ဆေးရုံလေးရယ်၊ ကျန်းမာရေးဝန်ထမ်းတွေရယ်ကို အရမ်းတွေ့ချင်လာတယ်။ ကာရိုက်တာထဲက လူတွေကိုလည်း အရမ်းတွေ့ချင်လာတယ်။ မြေလတ်ဒေသလေးကိုလည်း အရောက်သွားချင်တဲ့ စိတ် ဖြစ်ပေါ်လာတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း သူမက COVID-19 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် အကူအညီတွေ၊ အလှူအတန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က