ဆိုင်းဘုတ်မတပ်ထားပေမယ့် ဈေးတန်ပြီး အရသာကောင်းတာကြောင့် စားသုံးသူတွေနဲ့ အမြဲစည်ကားနေတဲ့ မြောက်ဥက္ကလာ မြို့နယ်အတွင်းက ထမင်းကြော်ဆိုင်လေးအကြောင်းကို Duwun ပရိသတ်တွေအတွက် မျှဝေပေးသွားမှာပါ။
လက်ရာကောင်းပြီး ဈေးသင့်တဲ့ ကိုစိုးနိုင်ထမင်းကြော်ဆိုင်
အရသာကောင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ဆိုင်လေးဖြစ်တာကြောင့် ကိုစိုးနိုင်ရဲ့ ထမင်းကြော်ဆိုင်လေးက စားသုံးသူတွေနဲ့ အမြဲစည်ကားနေတတ်ပါတယ်။ (၂၀၁၈) ခုနှစ်လောက်က ကိုယ်ပိုင်အလုပ်လေးလုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တဲ့ ထမင်းကြော်ဆိုင်လေးက အခုတော့ အနီးအနားတစ်ဝိုက်မှာတော့ ဖောက်သည်တွေ အခိုင်အမာရထားတဲ့ဆိုင်လေးတစ်ခုအဖြစ်ရပ်တည်နေပါတယ်။
“ ဒီဆိုင်လေးကို စဖွင့်ဖြစ်တာက ၂၀၁၈ ခုနှစ် ၈ လပိုင်း ၁ ရက်နေ့ တုန်းက စဖွင့်ခဲ့တာပါ။ ဖွင့်ဖြစ်တဲ့ အကြောင်းကတော့ အရင် အလုပ်ကို မလုပ်ချင်တော့တာနဲ့ ထမင်းကြော်ဆိုင် ဖွင့်လိုက်တာပါ။ အရင်တုန်းက ရုံးအလုပ်တွေ လုပ်ခဲ့တယ်၊ နောက်ဆုံးလုပ်တာကတော့ တက္ကစီမောင်းတာပေါ့။ အစ်ကို့ အမေကလည်း အရင်တုန်းက ထမင်းရောင်းဖူးသေးတယ် (၁၅) နှစ်တောင် ရှိခဲ့တာဆိုတော့ အဲ့ဒီလို စားသုံးသူကို အရင်းခံပြီးတော့ အစ်ကိုလည်း ဆိုင်လေးကို ဆက်ဖွင့်ဖြစ်သွားတာပါ။ အချက်အပြုတ်ကလည်း အရင်တုန်းက အမေ့ ဆိုင်မှာ ချက်ခဲ့ဖူးတယ်။ ပြီးတော့ အချက်အပြုတ်ဆိုင်ရာပညာရပ်တွေကို လေ့လာခဲ့ဖူးတာတွေရှိတယ်။ ကိုယ်တိုင်ကလည်း ဘာလေးပဲစားချင် စားချင် ကိုယ်တိုင် လုပ်ပြီးမှ စားတတ်တဲ့အကျင့်ရှိတဲ့အတွက် ဆိုင်လေး ဖွင့်ဖို့ စီစဉ်လိုက်တဲ့ အချိန်မှာ ဒီဝါသနာက အထောက်အကူ ဖြစ်သွားတာပေါ့” လို့ ဆိုပါတယ်။
လမ်းဘေးဆိုင်လေးဖြစ်ပေမယ့် စားချင်စရာဖြစ်အောင်ဆွဲဆောင်ထား
လမ်းဘေးဆိုင်လေး ဆိုပေမယ့် သာမန်ဆိုင်တွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ ထမင်းပွဲပြင်ဆင်ပုံနဲ့ ထမင်းစားပန်းကန် ၊ ခွက်ယောက် တွေကို အများနဲ့မတူအောင် ဒီဇိုင်းလှလှလေးတွေနဲ့ တည်ခင်းပေးထားတယ်လို့ ဆိုပါတယ်။ စားသုံးသူတွေကို စားချင်စရာဖြစ်အောင် ဆွဲဆောင်နိုင်ဖို့ အမြဲတမ်းကြိုးစားနေသလို ပူပူနွေးနွေးစားလို့ရအောင် ကြက်ဥကြော်နဲ့ အသီးအရွက်ကြော်တွေကို မှာယူမှသာ ကြော်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဆိုင်မဖွင့်ခင်မှာ သူများတွေ ဘယ်လိုလုပ်လဲ၊ ဘာတွေ အသုံးပြုသလဲဆိုတာ လိုက်ပြီးတော့ လေ့လာတယ်။ လူတိုင်းက အကြိုက်ချင်းထပ်တူမကျတာတွေရှိတယ်။ အခုဆို ကိုယ်တိုင်ကလည်း အသန့်ကြိုက်တဲ့သူဖြစ်တာမို့ လမ်းဘေးဆိုင် ဖြစ်တဲ့အတွက် မြင်လိုက်တာနဲ့ စားချင်စရာဖြစ်အောင် ဆွဲဆောင်ရတဲ့ အပိုင်းတွေ ရှိတာပေါ့။ ပြီးတော့ ဆိုင်မှာဆိုရင် အသီးအရွက် ကြော်နဲ့ ကြက်ဥကြော်ဆိုရင်လည်း လာမှာ မှသာကြော်ပေးတာ။ စားသုံးသူတွေကို ပူပူနွေးနွေးလေးနဲ့ ကောင်းကောင်းလေး စားစေချင်တဲ့ အိုင်ဒီယာလေးပါ” လို့ သူက ဆိုပါတယ်။
လမ်းဘေးဆိုင်ကနေ ဆိုင်ခန်းလေးနဲ့ဖွင့်နိုင်ဖို့ ရည်မှန်း
(၄) နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဒီထမင်းကြော်ဆိုင်လေးကိုတော့ အခုချိန်ထိ အမည်မပေးထားပေမယ့် စားသုံးသူတွေကတော့ သုဓမ္မလမ်းမကြီး (၄) လမ်းထိပ်က ဆိုင်လို့ ပြောလိုက်တာနဲ့ တော်တော်များများသိကြပါတယ်။ ဆိုင်ခွဲဖွင့်ဖို့ တောင်းဆိုတဲ့ ဖောက်သည်တွေလည်း ရှိနေပြီး လမ်းဘေးဆိုင်လေးကနေ ဒီထက်မက တိုးတက်လာနိုင်ဖို့ ရည်မှန်းထားတယ်လို့ ကိုစိုးနိုင်က ဆိုပါတယ်။
“ အခုဆို လမ်းဘေးမှာရောင်းနေရတာဖြစ်တဲ့အတွက် ဆိုင်ခန်းလေးနဲ့ သေချာလေး ဖွင့်ချင်တယ်။ ဖွင့်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ လူအင်အားက အဓိကပေါ့။ အခုဆို ချက်တာပြုတ်တာ၊ ဆေးကြောတာကအစ ကျွန်တော် တစ်ယောက်တည်းပဲ လုပ်နေတာ ဖြစ်လို့ ဆိုင်ခွဲဖွင့်လို့ မနိုင်သေးတာပါ” လို့ ပြောပါတယ်။
လူတိုင်းစားနိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းပေးနေ
ဆိုင်မှာ လာစားကြတဲ့ လူတန်းစားအလွှာအသီးသီးရှိကြတော့ ဈေးနှုန်းကို သေချာလေးသတ်မှတ်ထားပြီး လူတိုင်းစားနိုင်တဲ့ ဈေးနှုန်းဖြစ်အောင် စားပွဲတစ်ပွဲကိုမှ ၈၀၀ ကျပ်၊ ၁,၀၀၀ကျပ်၊ ၁,၅၀၀ကျပ်၊ ၁,၈၀၀ ကျပ်နဲ့ ၂,၀၀၀ ကျပ်အထိ အများဆုံးသတ်မှတ်ထားပါတယ်။ ဟင်းအမယ်တွေကတော့ ဝက်သားဆိုရင် ဝက်ပေါင်း၊ဝက်ကလီစာ၊ ဝက်ကြော်၊ ကြက်သားဆိုရင် ကြက်ပေါင်း၊ကြက်စပ်ကြော်၊ ကြက်အူချောင်း၊ ကြက်အသဲအမြစ် ၊ ငါးဆိုရင် ငါးကျည်းကြပ်တိုက်၊ ငါးဖယ် စတဲ့ဟင်းပွဲတွေရနိုင်ပြီး ကန်စွန်းရွက်ကြော်၊ ကြက်ဥကြော်တို့နဲ့လည်း ရနိုင်တယ်ပါတယ်။
“ အစ်ကို့ ဆိုင်မှာ လာစားကြတဲ့သူတွေက ကြိုက်တယ်၊ ကောင်းတယ်လို့ ပြောကြပေမယ့် ဒါကို သာယာပြီးတော့ ကိုယ်ကြိုက်တဲ့ ဈေးနှုန်း ယူဖို့ကလည်း အဆင်မပြေဘူး။ အခုဆိုရင် အစ်ကို့ဆိုင်မှာ ငွေကျပ်(၈၀၀) ကနေစပြီးတော့ (၂၀၀၀) ကျပ်အထိ စားသုံးသူတွေ အဆင်ပြေလောက်မယ့် အနေအထားကို သတ်မှတ်ထား တယ်။ အရင်တုန်းကလောက် ဆိုင်ဖွင့်ချိန် သိပ်မရတော့ ဟင်းအမယ်တွေ ကတော့ လျှော့လိုက်ရတာမျိုးရှိတယ်” လို့ ဆိုပါတယ်။
ဆိုင်လေးရဲ့ တစ်နေ့တာ ရောင်းအား
ကိုစိုးနိုင်ရဲ့ ထမင်းကြော်ဆိုင်လေးဟာ ကိုဗစ်ကာလ မတိုင်ခင်ကတော့ ရောင်းအားတော်တော်ကောင်းခဲ့တယ်လို့ဆိုပါတယ်။ ကိုဗစ်ကြောင့် ဆိုင်ကို (၂) နှစ်အကြာ နားခဲ့ပြီးနောက် ပြန်ဖွင့်တဲ့အချိန်မှာ ရောင်းအားက အရင်ကလောက် အားမရတော့ဘူးလို့လည်း သူက ဆိုပါတယ်။ အရင်ကဆို တစ်နေ့ကို ဆန် (၁၂) ပြည်ကနေ (၁၈) ပြည်လောက်အထိ ရောင်းခဲ့ရပေမယ့် အခုတော့ ဆန် (၈) ပြည်ချက်လောက်ပဲ ရောင်းရတဲ့အနေအထားပါ။
“ကိုဗစ်ရောဂါအခြေအနေက ဆိုးတော့ ပါဆယ်လဲ စိတ်မချရတဲ့အတွက် ဆိုင်ကို နားလိုက်တာပါ။ အခုတော့ တစ်နေ့ကို ဆန် (၈)ပြည်ချက်လောက်ပဲ ရောင်းရတော့တယ်။ ဝက်သားဆိုရင် ပုံမှန်အားဖြင့် အနိမ့်ဆုံး (၅)ပိဿကုန်ပါတယ်။ ကြက်သားဆိုရင်လည်း (၃) ပိဿဝန်းကျင်ကုန်တယ်။ အရင်တုန်းကဆိုရင် အစ်ကို့ဆိုင်ကို ည (၁၂) နာရီ ၊ (၁) နာရီအထိ ဖွင့်ခဲ့တာ။ အခုကျတော့ ၉ ခွဲ ဆိုရင် ဆိုင်သိမ်းလိုက်ရတာဆိုတော့ ဟင်းတွေကို အကုန် လျှော့ချက်ရတော့တာပေါ့လေ။ အခုချိန်မှာ တစ်နေ့ရောင်းအားက သုံးသိန်းဝန်းကျင်ပဲ ရတော့တယ် ” လို့ ပြောပြခဲ့ပါတယ်။
ထမင်းကြော်ဆိုင်လေးကို သွားအားပေးချင်သူတွေအတွက်
မြောက်က္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးပေါ် (၄)လမ်းထိပ်အနီးမှာဖြစ်ပြီး (၅) လမ်းထိပ်မှတ်တိုင် နဲ့လည်း နီးတာကြောင့် ကားဂိတ်က ဆင်းတာနဲ့ ဖောက်သည်တွေက အမြဲဝင်စားဖြစ်နေကြတဲ့ဆိုင်လေးပါ။ ဆိုင်ဖွင့်ချိန်လေးက ညနေ (၄) နာရီခွဲကနေ ည (၉) နာရီအထိ ဖြစ်ပြီး အိမ်အရောက်ဝန်ဆောင်မှုစနစ်တော့ မရှိသေးပါဘူး။
Share