ကလေးတွေ ကျောင်းပြန်တက်ချင်လာအောင် ၊ စာသင်ခန်းထဲမှာ နေသားကျအောင် အဓိက တာဝန်အရှိဆုံးလို့ ပြောရင် ဆရာ/ ဆရာမတွေလို့ ဆိုနိုင်ပါတယ်။

ပဋိပက္ခကာလတွေအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဆောင်ကြတဲ့အခါ စာသင်ကျောင်းတွေ ပြန်ဖွင့်လာနိုင်ဖို့ကလည်း လုပ်ကိုလုပ်သင့်တဲ့ အရေးပါတဲ့ ကဏ္ဏတစ်ခုကနေ ပါဝင်လာမှာဖြစ်ပါတယ်။ 

Photo: UNICEF Myanmar

ကလေးဆိုတာ စာသင်ခန်းထဲမှာပဲ ရှိနေရမယ်ဆိုပေမယ့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်‌ရောဂါ အခြေအနေတွေကြောင့် ကလေးတွေဟာ စာသင်ခန်းတွေနဲ့ ဝေးကွာနေကြရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကပ်‌ရောဂါ ဖြစ်ပွားမှု မတိုင်မီနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ ကာလတွေအတွင်းမှာတင် ကလေးငယ်များ ပညာသင်ယူမှုနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အတားအဆီးတွေကို ကြုံတွေ့နေပြီးသား ဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဟာ အကျပ်အတည်း မတိုင်မီကာလမှာပင် အသက် (၆) နှစ်နှင့် (၉) နှစ်ကြား ကလေး (၁၀) ဦးမှာ (၁) ဦးက ကျောင်းမနေသလို အသက် (၁၅) နှစ်တွင်၊ ကလေး (၁၀) ဦးမှာ (၇) ဦးသာ ကျောင်းတက်နေဆဲ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ လက်ရှိမှာလည်းကလေးတွေဟာ ကပ်ရောဂါနဲ့ နိုင်ငံတွင်း မငြိမ်မသက်မှုတွေ ကြောင့် စာသင်ခန်းတွေဆီကို မလှမ်းနိုင်ကြဘဲ စာသင်ခန်းပြင်ပမှာပဲ နေသားကျနေတဲ့ ဘဝတွေဆီ ရောက်နေကြတာြဖစ်ပါတယ်။

ဒါကြောင့် ပဋိပက္ခတွေအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်တွေအတွင်း စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကလေးတွေကို စာသင်ခန်းနဲ့ ပြန်ရင်းနှီးအောင်လုပ်ပေးဖို့ဆိုတာကလည်း အခြေခံလိုအပ်ချက်ဖြစ်လာမှာပါ။ ကလေးတွေကို စာသင်ခန်းနဲ့ ပြန်လည်ကျွမ်းဝင်လုပ်အောင် လုပ်ဆောင်ပေးသင့်တဲ့နည်းလမ်းတွေကို Nway Oo Home Schooling က အကြံပြုဆွေးနွေးပေးထားပါတယ်။

Photo: UNICEF Myanmar

လူထုအားလုံးကို လွှမ်းခြုံနိုင်အောင် အသိပညာပေးပါ

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုကို အင်နဲ့အားနဲ့ အသိပေးလှုံ့ဆော်နိုင်ဖို့ အရေးကြီးပါတယ်။ ဥပမာ- ကိုဗစ်ကပ်ရောဂါဆိုရင် လက်ဆေးမယ်။ မက်စ်တပ်မယ် စသဖြင့် တစ်နိုင်င်ငံလုံးကို လှုံဆော်ရပါတယ်။ ဒီလို လှုံ့ဆော်နိုင်ဖို့ အရမ်းအ‌ရေးကြီးပါတယ်။ တကယ်လို့ ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုပါကလည်း ကလေးကို ကျောင်းပြန်ထားမှ ဖြစ်မယ်ဆိုတာ လူထုအားလုံးကို လွှမ်းခြုံနိုင်အောင် လူထုအားလုံးဆီကို သတင်းစကား ရောက်သွားအောင် အသိပညာပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေကို ကျောင်းပြန်ထားရမယ်။ ကျောင်းပြန်ထားမှ နိုင်ငံပြန်တည်ဆောက်တဲ့အခါ မှာ ပိုမိုကောင်းမွန်မယ်ဆိုတာမျိုးကို ထိထိရောက်ရောက် နဲ့ မီဒီယာတိုင်းကနေပြီးတော့ အသိပညာပေးရမယ်လို့ Nway Oo Home Schoolingကဆိုပါတယ်။ 

Photo: UNICEF Myanmar

စာသင်ခန်းထဲပြန်ဝင်တဲ့အခါ ကလေးတွေကြုံနိုင်တဲ့အခက်အခဲ

လူဆိုတာ နေမြဲနေလိုတဲ့ဆန္ဒ သွားမြဲသွားလိုတဲ့ဆန္ဒဆိုတာ ရှိတတ်ကြပါတယ်။ အခုကျောင်းပိတ်ထားတဲ့ ဖြစ်စဥ်တွေကို ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်ကြောင့် ကျောင်းတွေ အလျင်အမြန်ပိတ်ချလိုက်တဲ့အခါ ကလေးတွေက ကျောင်းကို ဆက်တက်ရမှာလား၊ ဆက်မတက်ရဘူးလားဆိုတဲ့ ခံစားချက်က တော်တော်ကို ပြင်းထန်ပါတယ်။ ကျောင်းတက်နေတာ နေသားကျနေတဲ့စိတ်ကြောင့် ရုတ်တရက် ကျောင်းပိတ်သွားတဲ့အတွက်  ကလေးတွေဟာ ဒီဖြစ်စဥ်အပေါ်မှာ အထိုင်ပြန်ကျအောင်နေထိုင်ဖို့ တော်တော်ခက်ခဲခဲ့မှာပါ။ အခုချိန်မှာတော့ ကျောင်းစာသင်ခန်းတွေနဲ့ ဝေးကွာသွားတာ ၂ နှစ်လောက်ဖြစ်သွားတဲ့အခါ ကလေးတွေဟာ ကျောင်းမတက်ရတဲ့ အပေါ် နေသွားကျ ပြန်ပါတယ်။ လက်ရှိမှာလည်းကလေးအများစုက အွန်လိုင်းစာသင်ခန်းတွေ တက်နေကြတာတွေလည်းရှိတော့ အွန်လိုင်းနဲ့သင်ရတာကိုပဲ နေသားကျသွားတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ကလေးက တစ်နေ့တစ်နေ့ အချိန် ၁ နာ ရီလောက်ပဲသင်ရတဲ့ အွန်လိုင်းကလပ်တွေကို လွယ်လွယ်ကူကူလေးပဲ တက်လိုက်ရတာဆိုတော့ ဒီအပေါ်မှာ ကျေနပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ 

Photo: UNICEF Myanmar

ကလေးတွေကျောင်းပြန်တက်ချင်အောင် မိဘကလုပ်ပေးသင့်တာတွေ

ကလေးတွေ ကျောင်းတွေ ပြန်တက်ချင်တဲ့ စိတ်ဖြစ်လာအောင် မိဘကိုယ်တိုင်က ကလေးကို ကျောင်းပို့ချင်တဲ့ စိတ်ရှိရမှာပါ။ ပဋိပက္ခတွေအပြီး အေးချမ်းတည်ငြိမ်တဲ့ အခြေအနေတွေဆီကို ဦးတည်တဲ့ ပြန်လည်ထူထောင်ရေးကာလမှာကျောင်းတွေ ပြန်ဖွင့်ပြီဆိုပါက မိဘတွေ ပထမဆုံးလုပ်ရမှာက “ ကျောင်းတွေ ပြန်ဖွင့်ပြီ ။ ကျောင်းထားရမှာ ပျော်စရာကောင်းလိုက်တာ” ဆိုတဲ့ အတွေးမျိုးနဲ့ ကလေးကို မိဘကိုယ်တိုင်က ကျောင်းကို တက်တက်ကြွကြွပို့ချင်တဲ့စိတ်ရှိဖို့ လိုအပ်ပါတယ်။  

“ ကျောင်းတက်ရင် သူငယ်ချင်းတွေနဲ့ တွေ့ ရမှာ ။ သူငယ်ချင်းတွေနဲ့ ကစား ရမှာ” အဲဒီလို အတွေးလေးတွေ မိဘတွေက တွေးပြီး ကလေးကိုလည်း ကျောင်းပြန်တက်ချင်တဲ့စိတ်ရအောင် သွင်းပေးဖို့ လိုပါတယ်။ 


Photo: UNICEF Myanmar

ကလေးတွေကျောင်းပြန်တက်ချင်အောင် ဆရာ/ ဆရာမတွေလုပ်ပေးသင့်တာတွေ

ကလေးတွေ ကျောင်းပြန်တက်ချင်လာအောင် ၊ စာသင်ခန်းထဲမှာ နေသားကျအောင် အဓိက တာဝန်အရှိဆုံးလို့ ပြောရင် ဆရာ/ ဆရာမတွေလို့ ဆိုနိုင်ပါတယ်။ ဆရာ/ ဆရာမတွေက အများကြီးပိုလုပ်ဖို့ လိုအပ်တယ်လို့ ပြောရမှာပါ။ ဆရာ/ဆရာမတွေအနေနဲ့ ကလေးကို ဘယ်လိုသင်ယူမှုပေးကြမလဲဆိုတာ ကြိုတင်လေ့လာထားဖို့လိုအပ်ပါတယ်။ အခုဆို ကလေးက စာသင်ခန်းနဲ့ ဝေးနေတာ ၂ နှစ်ကျော်လာပါပြီ။ ဒီကြားထဲ သူတို့ဘာတွေကို သင်ယူထားသလဲ။ ဆရာမအနေနဲ့ ကလေးတွေ စာသင်ခန်းနဲ့ ကွာဟမှုကို ဘယ်လို ဖြည့်ဆည်းပေးလို့ ရမလဲဆိုတာ သိထား၊ လေ့လာထားဖို့ လိုအပ်ပါတယ်။ 

ဒီအတန်းသင်ရမယ်ဆိုတာနဲ့ စာအုပ်ကိုင်ပြီး အတန်းထဲဝင်သွားလိုက်ပြီး သင်လိုက်မယ်ဆိုတာမျိုး မရပါဘူး။ ဆ ရာ/ ဆရာမတွေအနေနဲ့ ဒီအချိန်မှာ ဘာတွေ လေ့လာထားသင့်မလဲဆိုတာကို သိမှ ကလေးတွေ အတန်းတက်ချင်လာအောင် ကောင်းကောင်းဆွဲဆောင်နိုင်မှာပါ။

အဓိကက ဆရာမအနေနဲ့ကလေးတွေအကြောင်း ကောင်းကောင်းသိဖို့ လိုပါတယ်၊ ကိုယ်ထိတွေ့ ကိုင်တွယ်သင်ကြားရမယ့် ကလေးတွေအကြောင်းကို သိဖို့ လိုအပ်ပါတယ်။ အဲဒါကို သိမယ်ဆိုရင် ကလေးတွေကို စာသင်ခန်းထဲ ဆွဲခေါ်ဖို့ မခက်ခဲပါဘူး။

သတင်းဆောင်းပါးပါ အချက်အလက်များသည် Nway Oo Home Schooling မှ ဆွေးနွေးအကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က