ပိတ်ရက်မှာ အရသာရှိတာလေးတွေ စားဖို စဉ်းစားနေသူတွေအတွက် စားကောင်းပြီး ဈေးသက်သာတဲ့ ကြက်သားတုတ်ထိုးဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခါစားဖူး တာနဲ့ ကြက်သားတုတ်ထိုးဆိုင်ဆိုရင် ဒီဆိုင်လေးကို ညွှန်းကြတဲ့အထိ စားသုံးသူ တွေရဲ့ နှစ်သက်မှုကို ရရှိထားတဲ့ ဆိုင်လေးပါ။
စားသုံးသူတွေရဲ့မှတ်ချက်ကောင်းတွေနဲ့အချိန်တိုတွင်းအောင်မြင်လာတဲ့ဆိုင်လေး
ဒီဆိုင်လေးကတော့ အင်းစိန်မြိုနယ် ပေါက်တောဝလမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ ရှယ်ကြက်သားတုတ်ထိုးဆိုင် လေးပါ။ကြက်သားတုတ်ထိုး ကြိုက်သူတွေကြား တစ်ဆင့်စကား တစ်ဆင့်ကြားပြီး အချိန်တိုအတွင်း စားသုံးသူ တွေရဲ့မှတ်ချက်ကောင်းတွေနဲ့ လူသိများလာတဲ့ ဆိုင်လေးလို ဆိုနိုင်ပါတယ်။
" ဒီဆိုင်လေးကို ၂၀၂၀မှာ စဖွင့်ဖြစ်တာ အခုဆို ၂နှစ်နီးပါးရှိပါပြီ။ စားသုံးသူတွေက တစ်ခါလာစားပြီးရင် အချင်းချင်းပြန်ညွှန်းကြရင်းနဲ့ ဆိုင်ဖွင့်ပြီး အချိန်တိုအတွင်းမှာပဲ ဖောက်သည်တွေတိုးလာပြီး ရောင်းအားကောင်းလာတယ်"လို့ ဆိုင်ရှင် မချိုချိုဝင်း ကပြောပါတယ်။
ကြက်သားတုတ်ထိုးဆိုင်လေးရဲ့စားကောင်းတဲ့လျို့ဝှက်ချက်
ရှယ်ကြက်သားတုတ်ထိုးရဲ့ တစ်ခါစားဖူးရင် ထပ်စားချင်အောင် အရသာ ကောင်းရတဲ့ အဓိကအချက်ကတော့ ကြက်သားတုတ်ထိုးအတွက် သဘာဝပစ္စည်းတွေသာအသုံးပြုပြီး တုတ်ထိုးအရသာမပြောင်းလဲ ဖို့အတွက် ကုန်စျေးနှုန်းဘယ်လောက်တိုးတိုး ပါ၀င်ပစ္စည်းတွေကို မပြောင်းလဲပဲအသုံး ပြုတာကြောင့် ဖြစ်ပါတယ်။ ပျားရည်နဲ့နှပ်ထားတဲ့ ကြက်သားရဲ့အချိုအရသာကအချဉ်မပါပဲ ဒီအတိုင်းစားရင်တောင် အရသာရှိ နေတာပါ။ အချဉ်ကိုလည် တစ်နေ့တစ်ခါ လတ်လတ်ဆတ်ဆတ်ဖျော်စပ်ထားတာပါ။ ဒါ့အပြင် ဂွေးတောက် ရွက်ထည့်ထားတဲ့ ဟင်းချိုပူပူလေးကလည်း ဒီကြက်သားတုတ်ထိုးဆိုင်လေးရဲ့ဆွဲဆောင်မှုတစ်ခုလို ဆိုနိုင်ပါတယ်။
"အန်တီတိုဆိုင်ရဲ့ ကြက်သားတုတ်ထိုးက စားကြည့်ရင် ကြက်သားအနံ့ဆိုတာမျိုးမရှိဘူး။ အဲ့ဒီအတွက် စားသုံးသူတွေကကြိုက်ကြတယ်။ ပြီးတော့ အချိုအရသာအတွက်ဆိုလည်း အန်တီက ပျားရည်နဲ့သကြားကိုပဲ သင့်တင့်မျှတရုံသုံးတယ်။ အချိုမှုန့်မသုံးဘူး ။ အချိုမှုန့်မပါတော့ ဟင်းချိုဘယ်လောက်သောက်သောက် ခေါင်းထိုးတာ ဇတ်ကြောတတ်တာမျိုးမဖြစ်ဘူး။ အန်တီတို့ဆိုင်မှာ ဟင်းချိုကိုတောင် နေမကောင်းတဲ့သူသောက်ဖို့ ဆိုပြီး သက်သက်လာဝယ်တာမျိုးရှိတယ်။ပြီးတော့ စားသုံးသူတွေ အကြံပေးတဲ့အတိုင်းလေးလဲ ကိုယ်က လက်ခံပြုပြင်ပြီးရောင်းတယ်လေ? ဂွေးတောက်ရွက်ဆိုလဲ စားသုံးသူတွေက ဒီလိုလေးထည့်ကြည့်ပါလားလို့ အကြံပေး တော့ ကိုယ်က ထည့်တဲ့အခါ ပိုပြီး အရသာက အစပ်အဟပ်တည့်သွားတာပေါ့"လို မချိုချိုဝင်းက ဆိုပါတယ်။
ဝါသနာကိုအားပေးတဲ့မိသားစု၀င်တွေရဲ့ပံ့ပိုးမှုနဲ့အောင်မြင်လာတဲ့ဆိုင်လေး
သားသမီး(၃)ယောက်မိခင် အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ မချိုချိုဝင်းဟာ အိမ်စီးပွားရေးအတွက် တစ်ဖက်တစ် လမ်းက ဖြည့်ဆည်းနိုင်ဖို စဉ်းစားရင်း မိသားစုရဲ့အားပေးကူညီမှုနဲ့ ဒီကြက်သား တုတ်ထိုးဆိုင်လေး ဖွင့်လှစ် ရောင်းချခဲ့တာပါ။ဒီလို စတင်ဖြစ်တဲ့ လုပ်ငန်းလေးဟာ လက်ရှိမှာတော့ တစ်ရက်ကို ၂သိန်းကျော်ဖိုးအထိ ရောင်းရပြီး စားသုံးသူအခိုင်အမာ ရရှိကာ အောင်မြင်စပြု လာတဲ့ လုပ်ငန်းငယ်လေးဖြစ်လာပါတယ်။
"အိမ်စီပွားရေးအတွက် အမျိုးသားတစ်ယောက်ထဲ လုပ်နေတာဆိုတော့ ကိုယ်လဲ တစ်ဖက်တလမ်းကနေ ဝင်ငွေရအောင် စီးပွားရေးလေး လုပ်မယ်စဉ်းစားရင်း ဒီဆိုင်လေးဖွင့်ဖြစ်သွားတာပါ။တခြား စီးပွားရေး ထက် ဝါသနာပါပြီးကိုယ်တတ်ကျွမ်းတဲ့ အစားအသောက်ချက်ပြုတ်ရောင်းတာကိုပဲ လုပ်မယ်ဆိုပြီး စားသောက်ကုန်ပဲ ရောင်းဖြစ် တာပါ။ သားကြီးလေးက ဖုန်းဆိုင်မှာမန်နေဂျာပါ။ ဒီဆိုင်လေးလုပ်မယ်ဆိုတော့ သားကလည်း ခေတ်နဲ့အညီ ရောင်းချနိုင်ဖို့အတွက် အကြံဉာဏ်တွေပေးတယ်။ အမျိုးသားနဲ့ကျန်တဲ့မိသားစု၀င်တွေကလည်း ဝိုင်းကူညီကြလို့ အခုလိုလေးအောင်မြင်လာတာပါ။ စရောင်းခါစကဆို တစ်ရက်ကို ကြက်သား ပိဿ (၂၀) လောက်ကုန်ပြီး ၃သိန်းဖိုးလောက်ရောင်းရတယ်။ အခုကတော့ ကုန်ဈေးနှုန်းတတ်တာရော ခေတ်အခြေအနေအရရော တစ်ရက်ကို ( ၂) သိန်းကျော်ဖိုးလောက် ရောင်းရပါတယ် "လို မချိုချိုဝင်းကပြောပါတယ်။
ဘဝတူအိမ်ရှင်မတွေအတွက်အားပေးစကား
ဒီလိုတစ်ဖက်တစ်လမ်းက ဝင်ငွေရရှိတဲ့အတွက် အိမ်စရိတ်ကာမိတာကြောင့် သားသမီးတွေအနေနဲ့လည်း အိမ်ကို ပံ့ပိုးဖို သိပ်မလိုအပ်ဘဲ သူတို့ရှိတဲ့ ဝင်ငွေလေးနဲ့ ဘဝတတ်လမ်းအတွက် လိုအပ်တာလေးတွေကို လုပ်ကိုင်နိုင်လို စိတ်ချမ်းသာရတယ်လို့ ဆိုပါတယ်။ စျေးရောင်းချရာမှာလည်း လူဘယ်လောက်များများ စိတ်ရှည်ရှည်နဲ့နှစ်လိုဖွယ်ပြောဆိုရောင်းချပြီး အမြဲတတ်ကြွနေတတ်တဲ့မချိုချို၀င်းက သူ့လုပ်ငန်းပေါ်မှာ ထပ်မံတိုးချဲ့ချင်တဲ့စိတ်ကူးတွေလည်း ရှိနေပါတယ်။သူလိုပဲ ဘဝတူအိမ်ရှင်မတွေကိုလည်း အားလပ်ချိန်မှာ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်နဲ့ တစ်နိုင်တပိုင် လုပ်ငန်းလေးတွေ စတင်လုပ်ကိုင်ကြည့်ဖို့ မချိုချိုဝင်းက အားပေးအကြံပြုစကားဆိုပါတယ်။
ကြက်သားတုတ်ထိုးစျေးနှုန်းနဲ့ဆိုင်လေးရဲ့တည်နေရာ
ရှယ်ကြက်သားတုတ်ထိုးဆိုင်လေးမှာတော့ ကြက်အသဲအမြစ်၊အူ၊အရေခွံ၊အတောင်ပံ၊ အချင်းတိုင် ၊ကြက်ခြေထောက်၊ ခေါင်း၊ကြက်သွေး၊စတဲ့ကြက်သားနဲ့ပတ်သက်လို့အစုံရရှိနိုင်ပါတယ်။ငါးဖယ်ကြော် ငုံးဥ၊သခွားသီးတုတ်ထိုးတို့လည်း ရရှိနိုင်ပြီး နှစ်သက်ရာ တုတ်ထိုးကိုစား တစ်ချောင်း (၁၀၀)ကျပ် ဖြစ်ပါတယ်။ဒါ့အပြင် ကြာဇံ၊ခေါက်ဆွဲကြော်သုပ်၊ကော်ပြန့်ကြော်နဲ့ ကော်ပြန့်စိမ်းတိုလည်းရရှိနိုင်ပါတယ်။ ရှယ်ကြက်သားတုတ်ထိုး လိပ်စာလေးကတော့ ဘုရင့်နောင်လမ်းမကြီး၊ ဥယျဉ်လမ်းထိပ်၊ ပေါက်တောဝလမ်းဆုံအနီး အင်းစိန်မြို့နယ်မှာပါ။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည်(၁)နာရီကနေ ည(၇)နာရီဝန်းကျင်ထိဖြစ်ကာ တနင်္လာနေ့တိုင်းဆိုင်ပိတ်ပါတယ်။ ကြက်သားတုတ်ထိုးနှစ်သက်သူ တွေအတွက် အင်းစိန်ဘက်ရောက်ရင် ဝင်စားကြည့်ဖို လမ်းညွှန်ပေးလိုက်ပါတယ်။