ပြည်ပမှာ သွားရောက်လေ့ကျင့်ရင်း ခြေစမ်းပွဲတွေပါ ကစားဖို့ စီစဥ်ထားတာပါ။

လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲကျင်းပမယ့်အချိန်မတိုင်ခင် တစ်လအလိုမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ ပြည်ပမှာ သွားရောက်လေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ဇန်နဝါရီလ ၁ ရက်နေ့အထိ စင်ကာပူက အိမ်ရှင်နို်င်ငံအဖြစ် လက်ခံကျင်းပမယ့် ပြိုင်ပွဲလည်းဖြစ်ပါတယ်။


Photo: Velizar Popov

လက်ရှိမှာတော့ သွားရောက်နေထိုင်လေ့ကျင့်မယ့် နိုင်ငံကို ထုတ်ဖော်ပြောကြားခြင်းမပြုနို်င်သေးဘဲ စီစဉ်နေဆဲသာဖြစ်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးဦးကိုကိုသိန်းက Duwun Sports ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့ပါတယ်။ သံရုံးကိစ္စတွေ စီစဉ်နေရတာကြောင့်လည်း သွားရောက်လေ့ကျင့်မယ့်နိုင်ငံကို တိတိကျကျပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ ဦးကိုကိုသိန်းက ဆိုပါတယ်။


"ဟုတ်ပါတယ်၊ သွားရောက်လေ့ကျင့်ဖို့အတွက် ကျွန်တော်တို့စီစဉ်နေပါတယ်၊ ဒါပေမယ့် ဆောင်ရွက်ညှိနှိုင်းရမယ့် ကိစ္စတွေရှိနေသေးတော့ တိတိကျကျတော့ ကျွန်တော်တို့ သတင်းထုတ်ပြန်လို့မရသေးပါဘူး၊ သွားလေ့ကျင့်မယ်၊ ခြေစမ်းပွဲ ၄ ပွဲ၊ ၅ ပွဲလောက်ကစားဖို့လည်း ရှိပါတယ်" လို့ ဦးကိုကိုသိန်းက ပြောဆိုခဲ့ပါတယ်။ 

မြန်မာအသင်းဟာ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်းမှာ စတင်လေ့ကျင့်မှုတွေပြုလုပ်ဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။ နည်းပြချုပ်အဖြစ် ဂျာမနီလူမျိုးနည်းပြအန်တိုနီဟေးက ကိုင်တွယ်မှာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားစာရင်းကို အခြေခံကာ ရွေးချယ်သွားဖွယ်လည်း ရှိပါတယ်။ 


ပြည်ပမှာ ထွက်ကစားနေတဲ့ ကျော်ကိုကို၊ အောင်သူ၊ အောင်ကောင်းမာန်နဲ့ ဟိန်းထက်အောင်၊ ဇော်မင်းထွန်းတို့ကို ရွေးချယ်ခေါ်ယူသွားမလားဆိုတာကလည်း စောင့်ကြည့်ရဖို့ရှိနေပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ နောက်ဆုံးသောပွဲစဉ်တွေအဖြစ် ဂျပန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ကာဇက်စတန်၊ တာဂျစ်ကစ္စတန်တို့နဲ ကစားထားခဲ့တာဖြစ်ပါတယ်။ 

ဆူဇူကီးပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ အုပ်စု (က) မှာ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း/တီမော တို့နဲ့အတူ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ အိမ်ရှင်စင်ကာပူနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

Share

က္က