ဗိုလ်လုပွဲပထမအကျော့မှာကတည်းက ဆုဖလားရဖို့ သေချာသွားခဲ့တဲ့ ထိုင်းတို့ဟာ ဒုတိယအကျော့မှာလည်း အင်ဒိုနိးရှားကို မရှုံးအောင်ကစားပြီး ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ။ ထိုင်းကို အနည်းဆုံး ၄ ဂိုးအထိ သွင်းဖို့လိုအပ်နေလို့ အင်ဒိုနီးရှားက ပွဲစတာနဲ့ ခပ်ကြမ်းကြမ်း၊ ခပ်မြန်မြန်ကစားခဲ့ပြီး ဂိုးစောစောရအောင် ကြိုးစားခဲ့ပြီး ထိုင်းကတော့ ပထမအကျော့ရလဒ်ကြောင့် ပွဲကို အရှိန်မပျက်သာ ကစားခဲ့ပါတယ်။
အရှိန်မြှင့်ကစားခဲ့တဲ့ အင်ဒိုနီရှားတို့ ပွဲအစ ၇ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး ဦးဆောင်နိုင်ခဲ့လို့ ဘယ်လောက်ထိလုပ်ပြနိုင်မလဲ စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာလေ ထိုင်းက ကစားကွက်အသာစီးရလေဖြစ်လာခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့ကာ အင်ဒိုနီးရှားကို နောက်ထပ်ဂိုးတွေမပေးရစေဖို့ အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၅၄ မိနစ်နဲ့ ၅၆ မိနစ်မှာ ထိုင်းက ချေပဂိုးနဲ့ အနိုင်ဂိုးဆက်တိုက်သွင်းပြီး ဆုဖလားရဖို့က အသေချာဆုံးဖြစ်သွားခဲ့ပါတယ်။ အင်ဒိုနီးရှားတို့ ခပ်မာမာကစားခဲ့ပေမယ့် ထိုင်းကစားကွက်ကို လွှမ်းမိုးနိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန်နေခဲ့ရပြီး ပွဲရလဒ်က ကြိုတင်ထွက်ပေါ်နေခဲ့ပြီးဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ချေပဂိုးပြန်ရခဲ့လို့ အင်ဒိုနီးရှားအတွက် သိက္ခာဆယ်နိုင်ခဲ့ပြီး ၂-၂ နဲ့ ပွဲပြီးခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် ၆-၂ ဖြစ်ခဲ့ပါတယ်။
ရေရှည်တည်ဆောက်ထားတဲ့ ထိုင်းရဲ့ ကစားဟန်က ဆူဇူကီးပြိုင်ပွဲမှာ အထင်းသားပေါ်လွင်နေခဲ့ပြီး အာဆီယံရဲ့ အကောင်းဆုံးအသင်းအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပြိဖြစ်ပါတယ်။
အခြားသော ဘယ်အသင်းတွေနဲ့မှ မတူညီတဲ့ ကစားဟန်၊ ကစားကွက်၊ တဦးချင်းအရည်အသွေး၊ နားလည်မှုပြည့်၀နေမှု၊ ကစားသမားတွေရဲ့ ဘောလုံးဦးနှောက်တွေက ပြိုင်ဘက်အသင်းတိုင်းထက် တပန်းသာနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ ဆူဇူကီးဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပြီး ဗီယက်နမ်ရဲ့ ကြီးစိုးနေမှုတွေကို ပြန်ချေဖျက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။