ဝါရှင်တန်ဒီစီမှာ Gallaudet University ဆိုတဲ့ Private တက္ကသိုလ်တစ်ခု ရှိပါတယ်။ ဒီကျောင်းက မျက်စိမမြင် နားမကြားရှာတဲ့ မသန်စွမ်းကျောင်းသားလေးတွေအတွက် တည်ထောင်ထားတာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒီလို တက္ကသိုလ်က သူတစ်ခုတည်း ရှိတာပါ။
Gallaudet University မှာ စက္ခု ၊ သောတ အာရုံချို့ယွင်းကြတဲ့ ကျောင်းသားတွေအတွက် အမေရိကန်လက်သင်္ကေတစကား ASL နဲ့ အင်္ဂလိပ်စကား သုံးပြီး သင်ကြားပေးနေကြတာ ဖြစ်ပါတယ်။ ၁၈၆၄ ခုနှစ်မှာ မျက်မမြင် နားမကြားကလေးငယ်များအတွက် သဒ္ဒါကျောင်းအဖြစ် တည်ထောင်ခဲ့တဲ့ Gallaudet University ဟာ ဒီနှစ် မေလ ၁၃ ရက်နေ့မှာ ၁၅၂ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့ပါတယ်။
တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ Apple ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်လည်း တက်ရောက်ခဲ့ပြီး ကျောင်းသားတွေအတွက် ဘဝတလျှောက် တန်ဖိုးရှိတဲ့ စကားတစ်ခွန်း မျှဝေခဲ့ပါတယ်။ "အဓိပ္ပါယ်ပြည့်ဝပြီး ဖြစ်မြောက်အောင်မြင်တဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ဘာတွေလိုသလဲ" လို့ တင်မ်ကွတ်က စပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက ဆက်ပြောပါတယ်။
"ဒီမေးခွန်းက သင့်အတွက်ဆိုရင် တခြားသူက ဝင်ဖြေပေးလို့ မရဘူး။ ကျွန်တော်လည်း အပါအဝင်ပေါ့လေ။ ကယ်ဆယ်ရေးကို အရောက်လာနိုင်တဲ့ iPhone feature ရယ်လို့ မရှိပါဘူး။ AI က ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီလိုအတွက် ကောင်းတာ မဟုတ်ပါဘူး။"
"ဒီနေရာမှာ ကျွန်တော်မျှဝေချင်တဲ့ အရေးကြီးတဲ့ အကြံဉာဏ်တစ်ခု ရှိပါတယ်။ သိပ်အရေးကြီးပါတယ်။ ဒီနေ့ ကျွန်တော်မျှဝေမယ့် တစ်ခုတည်းသော အကြံပါပဲ။ အဲ့ဒါကတော့ ခင်ဗျားဘာပဲလုပ်လုပ် ခင်ဗျားတန်ဖိုးနဲ့ ရှေ့ဆောင်လုပ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ စံတန်ဖိုးနဲ့ ဦးစီးပြီး လုပ်ခြင်းအားဖြင့် ကိုယ်က ဘယ်လိုလူလဲ ၊ ကိုယ်ဘာကို ယုံကြည်သလဲအပေါ် နက်နက်နဲနဲ နားလည်မှုနဲ့ နေ့စဉ်နေ့စဉ် ဆုံးဖြတ်ချက် သေးသေးကြီးကြီး လုပ်နိုင်လာမယ်လို့ ဆိုလိုတာပါ။"လို့ တင်မ်ကွတ်က မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
Apple ဟာ Gallaudet University နဲ့ မိတ်ဖက်ပြု ပူးပေါင်းထားပြီး Apple Maps မှာ နားမကြားသူတွေ ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရှာနိုင်အောင် လမ်းညွှန်တစ်ခု ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။ Gallaudet University ဘွဲ့နှင်းသဘင်မှာ တင်မ်ကွတ်ဟာ ကုမ္ပဏီအနေနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ခိုက်ရေးနဲ့ စားသုံးသူကိုယ်ရေးကိုယ်တာမူဝါဒ ခိုင်မာရေးကတိကဝတ်ကို ဆက်ပြီး ထိန်းသိမ်းသွားမယ်လို့လည်း ပြောသွားခဲ့ပါတယ်။