ဘရာဇီးလ်နဲ့တောင်ကိုရီးယားတို့ပွဲအပြီးမှာ ပြောဆိုခဲ့တာပါ။

တောင်ကိုရီးယားနဲ့ ဘရာဇီးလ်တို့ ခြေစမ်းပွဲကစားအပြီးမှာတော့ ဘရာဇီးလ်တိုက်စစ်မှူးနေမာက တောင်ကိုရီးယားကြယ်ပွင့်ဆွန်ဟောင်မင်ကို ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးလို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ မနေ့က ပွဲအပြီးမှာ ဂျာစီချင်းလဲလှယ်ခဲ့ကြပြီး အမှတ်တရဓာတ်ပုံလည်း ရိုက်ကူးခဲ့ကြပါသေးတယ်။ 

ဘရာဇီးလ်က ၅-၁ နဲ့ အနိုင်ရရှိခဲ့ရာမှာ နေမာက ပင်နယ်တီကတဆင့် ၂ ဂိုးအထိ သွင်းယူပြီး ပီလီရဲ့ လက်ရွေးစင်သွင်းဂိုးအရေအတွက်ကို လိုက်မီဖို့ ၄ ဂိုးသာ လိုအပ်ပါတော့တယ်။ ပွဲအပြီးမှာ သူတို့နှစ်ဦးကို ပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့ခဲ့ရပြီး နေမာက အင်စတာဂရမ်ကတဆင့် ဆွန်ဟောင်မင်နဲ့ ဓာတ်ပုံကို တင်ခဲ့ပြီးတော့ ချီးကျူးခဲ့တာဖြစ်ပါတယ်။ 

နေမာက "ဘောလုံးသမိုင်းရဲ့ ခမ်းနားကြီးကျယ်သူ နှစ်ဦး" လို့ Caption ရေးထိုးခဲ့ပြီး ခမ်းနားတဲ့တွေ့ဆုံမှုလို့လည်း ပြောဆိုခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ဘရာဇီးလ်ရဲ့ပွဲကို သူ့ရဲ့ နိုင်ငံတကာပွဲ ၉၉ ပွဲမြောက်အဖြစ် ကစားပေးခဲ့တာဖြစ်ပြီး တောင်ကိုရီးယားအတွက် ၃၁ ဂိုးအထိ သွင်းယူပေးကာ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အဆင့် ၆ နေရာ ရပ်တည်နေသူဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ စပါးအတွက်ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပင်နယ်တီသွင်းဂိုးမပါဘဲ ဆွတ်ခူးထားခဲ့သူလည်းဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ အောင်မြင်မှုဟာ အာရှတိုက်အတွက်တော့ ဂုဏ်ယူစရာဖြစ်ခဲ့ရပြီး ကစားသမားကိုလည်း ချီးကျူးမှုတွေက အများကြီးရှိနေခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတကိုယ်တိုင်က ဆွန်ကို ချီးကျူးခဲ့ပြီး အာရှဘောလုံးအသိုင်းအဝိုင်းအတွက်လည်း ဂုဏ်ကျက်သရေလို့ ပြောဆိုခဲ့ပါတယ်။ 

Share

က္က