စပါးနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေပါသေးတယ်။

ဘလွန်းဒီအောအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၁ နေရာရပ်တည်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးကနေ ထွက်ခွာဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ စပါးနဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားပေမယ့် ဆွန်ဟောင်မင်ကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ဖို့အတွက် ပစ်မှတ်ထားနေပြီလို့ ဂျာမနီသတင်းဌာန SPORT1 က ဖော်ပြခဲ့ပါတယ်။ 

ရီးရဲလ်နည်းပြအန်ဆယ်လော့တီက အသက် ၃၀ အရွယ် ဆွန်ဟောင်မင်ရဲ့ အနေအထားကို စောင့်ကြည့်မှုတွေ လုပ်နေပြီး တောင်ကိုရီးယားကြယ်ပွင့်ရဲ့ တိုက်စစ်ကစားနိုင်စွမ်းကို သဘောကျနေတယ်လို့လည်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဆွန်ရဲ့ တဦးချင်းထိုးဖောက်နိုင်စွမ်းနဲ့ လုပ်အားနှုန်း၊ လျင်မြန်မှုနဲ့ ပေးပို့ပုံကောင်းမွန်မှုတွေက အန်ဆယ်လော့တီကို မျက်စိကျစေခဲ့တာပါ။ 

၂၀၁၅ မှာ စပါးကို ပေါင် ၂၇ သန်းနဲ့ လီဗာကူဆင်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆွန်က လက်ရှိမှာ ၁၃၆ ဂိုးသွင်းယူကာ ၇၆ ကြိမ် ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ ဟယ်ရီကိန်းနဲ့အတူ စပါးတိုက်စစ်ကို ဦးဆောင်ကစားပေးနေပြီး သူတို့နှစ်ဦးပေါင်းထက် ဂိုးပိုသွင်းနိုင်တဲ့ တိုက်စစ်အတွဲ ပရီးမီးယားလိဂ်မှာ မရှိတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ 

ကစားသမားကိုယ်တိုင်ကလည်း သူ့ရဲ့ ကစားသမားဘ၀ကို နောက်တဆင့်ထပ်မံမြှင့်တင်နိင်ဖို့ ရည်ရွယ်နေပြီး ရီးရဲလ်ဘက်ကသာ အမှန်တကယ်ကမ်းလှမ်းမယ်ဆိုရင် လက်ခံသွားဖွယ်ရာရှိနေပါတယ်။ စပါးနဲ့အတူ ကစားသမားဘ၀မှာ တဦးချင်းအောင်မြင်မှုတွေရခဲ့ပေမယ့် အသင်းလိုက်အောင်မြင်မှုမျိုးမရသေးတဲ့ ဆွန်အတွက်လည်း ဆုဖလားတွေကိုင်မြှောက်ခွင့်ရဖို့က အိပ်မက်အဖြစ်နဲ့သာ ရှိနေဆဲပါ။ 

ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေကတည်းက ဆွန်ကို ရီးရဲလ်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပြီး အမှန်တကယ်ဖြစ်မြောက်လာခြင်းတော့မရှိပါဘူး။ ဒီတကြိမ်သတင်းထွက်ပေါ်လာမှုနဲ့အတူ တကယ်ပဲ သူ့ကို ရီးရဲလ်က ခေါ်ယူသွားမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က