ဂါနာအသင်းနည်းပြနဲ့ ကစားသမားတွေကတော့ တောင်ကိုရီးယားနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ဆွန်ဟောင်မင်ရဲ့ အရည်အသွေးကို ထိတ်လန့်နေကြပြီး သတိကြီးကြီးထားရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာဖြစ်ပြီး ဂါနာနည်းပြအော့တိုအက်ဒ်ဒိုနဲ့ ဆွန်ဟောင်မင်တို့ဟာ ဟမ်းဘတ်အကယ်ဒမီမှာတုန်းက ဆရာတပည့်တွေအဖြစ် တွေ့ဆုံခဲ့ဖူးသူတွေဖြစ်ပါတယ်။
"ဆွန်က အရမ်းကောင်းတဲ့ကစားသမားပါ၊ lines တွေကြားမှာ သူ ကောင်းကောင်းပြေးလွှားကစားနိုင်ခဲ့ပြီး အရမ်းကောင်းတဲ့ ကန်သွင်းချက်တွေလည်း လုပ်နိုင်တယ်၊ အလုပ်ကြိုးစားတဲ့သူဖြစ်ပြီး သူ့ရဲ့ စည်းကမ်းလိုက်နာမှုကိုလည်း ကျနော်တကယ်သဘောကျတာ၊ ဒါတွေက သူ့ကို အခုလို ကစားသမားကောင်းဖြစ်လာစေခဲ့တာပါ"
"လူငယ်ကစားသမားတွေဆီကနေ အများကြီးမမျှော်လင့်သင့်ပါဘူး၊ ဒါပေမယ့် သူ့ကို တွေ့ချိန်မှာပဲ တခုခုတော့ရှိတယ်ဆိုတာ ကျနော်သိလိုက်တယ်၊ ဟမ်းဘတ်မှာ သူ့ကို အသင်းကြီးဆီ ရောက်အောင် ကျနော်ပို့ပေးခဲ့ပြီး သူကလည်း ကောင်းမွန်တဲ့ ကစားသမားဘ၀ကို ရရှိခဲ့ပါတယ်၊ သူ့ကို အသင်းတသင်းအနေနဲ့ တားဆီးသွားမှာပါ၊ နေရာလွတ်မပေးဘူး၊ ထပ်ချပ်မကွာကပ်မယ်၊ အဲဒါက အရေးကြီးပါတယ်" လို့ အက်ဒ်ဒိုက ဆိုပါတယ်။
ပရီးမီးယားလိဂ်ပွဲအဖြစ် လက်စတာကို စပါးက ၆-၂ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဆွန်က ဟက်ထရစ်ရခဲ့ပြိး လက်စတာဘက်ကနေ သူ့ကိုရင်ဆိုင်ခဲ့ရတဲ့ ဂါနာနောက်ခံလူဒန်နီရယ်အမ်မာတေးကလည်း "ပရီးမီးယားလိဂ်မှာ သူ့အကြောင်းသိထားပါတယ်၊ အရမ်းပေါ့ပါးလွန်းပြီး နည်းပြက သူ့အကြောင်းပြောပြတာတွေ နားထောင်ခဲ့ရတယ်၊ သူ့ကိုဟန့်တားမယ့်အစီအစဉ်တွေရှိပြီးသားပါ" လို့ ပြောဆိုခဲ့ပါတယ်။
ဂါနာနဲ့ တောင်ကိုရီးယားပွဲကတော့ အရေးပါနေတာဖြစ်ပြီး အနိုင်ရတဲ့အသင်းက နောက်တဆင့်အတွက် မျှော်လင့်ချက်ရှိလာမှာပါ။ လက်ရှိမှာ တောင်ကိုရီးယားက ၁ မှတ်ရထားပြီး ဂါနာကတော့ ပေါ်တူဂီကို အရေးနိမ့်ခဲ့လို့ အမှတ်မရသေးပါဘူး။