လက်ရှိအချိန်မှာ ဆွန်ဟောင်မင်က အကောင်းဆုံးခြေစွမ်းတွေပြသနေပမေယ့်လည်း တောင်ကိုရီးယားကြယ်ပွင့်ရဲ့ ခြေစွမ်းဟာ အများကြီးတိုးတက်လာလိမ့်ဦးမယ်လို့ စပါးနည်းပြကွန်တီက ပြောဆိုလိုက်ပါတယ်။ စပါးအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၃ ပွဲမှာ ၆ ဂိုးအထိ ပါဝင်ပတ်သက်မှုတွေပြုလုပ်ထားကာ ဆွန်ဟောင်မင်က ကွန်တီသဘောအကျဆုံး ကစားသမားတွေထဲက တဥိးအဖြစ်ရှိနေပါတယ်။
ဆွန်ဟောင်မင်က ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးအထိ ရရှိထားပြီး သူ့ရဲ့စပါးကစားသမားဘ၀မှာ လိဂ်ဂိုးအများဆုံးဘောလုံးရာသီကို ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်ဖို့လည်း ၁၃ ဂိုးသာ လိုအပ်တော့တာဖြစ်ပြီး အဆိုပါစံချိန်ကိုသာ သူရရှိခဲ့မယ်ဆိုရင် အာရှသားတဦးအနေနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံးကစားသမားဖြစ်လာတော့မှာပါ။
ဒီနေ့ညနေ ၆ နာရီမှာ ဘရိုက်တန်နဲ့ကစားရမယ့် ပွဲမတိုင်ခင် ကွန်တီက "အရမ်းကောင်းတဲ့ ကစားသမားတဦးအကြောင်းကို ကျနော်တို့ပြောနေတာပါ၊ ဆွန်က ကျနော့်အတွက် တကယ်အရေးကြီးတဲ့ ကစားသမားဖြစ်ပြီး သူ့ခြေစွမ်းက အမြင့်ဆုံးအဆင့်ကိုရောက်နေပါတယ်၊ ဒါပေမယ့် သူ ထပ်ပြီးတိုးတက်နိုင်ပါသေးတယ်၊ ကျနော့်ရဲ့ သူ့ဆီက မျှော်လင့်ထားတာကတော့ ရာသီကုန်တဲ့အထိ သူ ကြီးကြီးမားမားတွန်းအားပေးပြီး အကောင်းဆုံးကစားပြဖို့ပါပဲ"
"မမေ့ပါနဲ့၊ ပြီးခဲ့တဲ့တလလောက်က ကျနော့်ရဲ့အကောင်းဆုံးကစားသမားတွေ၊ နောက်ထပ်ကစားသမားတွေကို အရေးကြီးတဲ့တာဝန်တွေရယူဖို့အတွက် ဆွန်ဟောင်မင်လို ကစားသမားမျိုးလိုအပ်နေပြီဆိုတာကို ပြောခဲ့ပါတယ်၊ အဲဒီအခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်" လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
စပါးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်နဲ့အပြိုင်ဖြစ်နေပြီး လက်ကျန် ၈ပွဲက သူတို့အတွက် အဆုံးအဖြတ်ဖြစ်လာမှာပါ။