စပါးက လက်စတာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆွန်ဟောင်မင်တယောက်ခြေစွမ်းပြပြီး အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးခဲ့သလို ဟယ်ရီကိန်းအတွက်လည်း သွင်းဂိုး ၁ ဂိုးရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုးက ၁၉ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးသွင်းဘုရင်စာရင်းမှာ အဆင့် ၂ နေရာအထိကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ဆွန်ဟောင်မင်က ၇၉ မိနစ်မှာ တဂိုးသွင်းယူနိုင်ခဲ့ရာမှာတော့ ဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ လှလှပပနဲ့ ဂိုးဝင်သွားခဲ့ပါတယ်။ တော်တော်လေးအဆင့်မြင့်တဲ့သွင်းဂိုးဖြစ်ပြီး တောင်ကိုရီးယားသားက ဘယ်ခြေ၊ ညာခြေမရွေး ဂိုးသွင်းနိုင်စွမ်းရှိတာကို ပြသနိုင်ခဲ့သလို ဒီသွင်းဂိုးက အသင်းဖော်တဦးကိုလည်း ကြက်သေသေစေခဲ့ပါတယ်။
ဆွန်ဟောင်မင်ရဲ့ ကန်သွင်းချက်ဂိုးဝင်သွားခဲ့ချိန်မှာတော့ သူ့နောက်တည့်တည့်မှာရှိနေခဲ့တဲ့ စပါးကွင်းလယ်လူဟိုးဘာ့ဂျ်တယောက် လက်နှစ်ဖက်နဲ့ ခေါင်းကိုကိုင်ရတဲ့အထိ အံ့အားသင့်သွားခဲ့ရပါတယ်။ ဂိုးရဖို့အခွင့်အလမ်းနည်းပါးနေခဲ့တယ်ဆိုပေမယ့်လည်း ဆွန်ဟောင်မင်ကန်သွင်းလိုက်ချိန်မှာ ဘောလုံးက ၀ေ့ဝိုက်သွားခဲ့ပြီး ရှမိုက်ကယ်ရဲ့ ညာဘက်ထောင့်အပေါ်ကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။
ဟိုးဘာ့ဂျ်တယောက် အသင်းဖော်ရဲ့သွင်းဂိုးကို မယုံနိုင်လောက်အောင်ကို ဖြစ်ခဲ့ပုံရကာ အမှန်တကယ်လည်း ကြက်သေသေတဲ့အထိကိုဖြစ်ခဲ့ရပါတယ်။ ဆွန်ဟောင်မင်ကတော့ ပရီးမီးယားလိဂ်ဂိုး ၈၉ ဂိုးအထိ ရရှိသွားပြီဖြစ်ကာ သွင်းဂိုး ၁၀၀ ပြည့်ဖို့အတွက် ၁၁ ဂိုးသာ လိုအပ်ပါတော့တယ်။ ဒီနိုင်ပွဲနဲ့အတူ စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်တွေကလည်း ဆက်လက်ရှင်သန်နေခဲ့ပါတယ်။