ဂိုးသွင်းရှင် ၂ ဦးဟာ ထူးဆန်းတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဗယ်လက်ကာနိုကစားသမားတွေဟာ စနေနေ့က ဂီရိုနာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကျော်ကြားတဲ့ ပင်နယ်တီဘောလုံးပေးပို့မှုကို ပြန်လည်ဖန်တီးဖို့ ကြိုးပမ်းခဲ့ကြပေမယ့်လည်း တလွဲဖြစ်သွားခဲ့ပါတယ်။

ပလာဇွန်နဲ့ အော်စကာ ထရေဟိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ဗယ်လက်ကာနိုအသင်းဟာ ၂-၁ နဲ့ ဦးဆောင်နေခဲ့ပြီးနောက် ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ချိန်မှာ ဂိုးသွင်းရှင် ၂ ဦးဟာ ထူးဆန်းတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ထရေဟိုဟာ ပထမဆုံး ပင်နယ်တီ ကန်ချက်ကို ဂိုးသမားက ပုတ်ထုတ်ကာကွယ်ခြင်းခံခဲ့ရတာကြောင့် လွဲချော်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ပင်နယ်တီဧရိယာထဲကို ကျူးကျော်ဝင်ရောက်မှုအချို့ရှိခဲ့တာကို သတိပြုမိခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ကန်သွင်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။



အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ ဒုတိယမြောက် ပင်နယ်တီ ကန်သွင်းမှုမှာ အသင်းဖော် ပလာဇွန်ကိုပါ ပါဝင်ပတ်သက်စေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ထရေဟိုဟာ ဘောလုံးကို မကန်ဘဲ ခြေဦးနဲ့ အသာထိုးပေးခဲ့ရာမှာ ပလာဇွန်က ပြေးဝင်ကန်သွင်းခဲ့ပေမယ့်လည်း ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

 

ဗယ်လက်ကာနိုအတွက် အရာအားလုံး ပိုမိုဆိုးရွားသွားစေခဲ့တာက ဂီရိုနာအသင်းဟာ ၅၂ မိနစ်မှာ ဗစ်တာ တီဟန်ကော့ဗ်က ချေပဂိုး သွင်းယူသွားခဲ့တာကြောင့် သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒီလို အန္တရာယ်များတဲ့ ပင်နယ်တီကန်သွင်းမှု လုပ်ငန်းစဉ်ဟာ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ရောထွေးနေခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်တုန်းက အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ရောဘတ် ပီးရက်စ်နဲ့ အွန်နရီတို့ ပြုလုပ်ခဲ့ဖူးတာဖြစ်ပါတယ်။ ရောဘတ် ပီးရက်စ်ဟာ သီယာရီ အွန်နရီ ကန်သွင်းယူနိုင်အောင် ဘောလုံးကို အသာလေး ထိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ခြေချော်သွားခဲ့တာကြောင့် တိုးလို့တန်းလန်းကြီး ဖြစ်ခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီနဲ့ လူးဝစ္စ ဆွာရက်ဇ်တို့ကတော့ ဒီပင်နယ်တီ ပေးပို့မှုကို ပြီးပြည့်စုံတဲ့ပုံစံနဲ့ လုပ်ဆောင်နိုင်ခဲ့ကြပြီး ဆယ်လ်တာ ဗီဂိုအသင်းကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်ဆီက ဘယ်ခြေနဲ့ အသာအယာ ဘေးထိုးပေးလိုက်ချိန်မှာ ဆွာရက်ဇ်က ပြေးဝင် ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က