နဗီးလ်တယောက် အသင်းဟောင်းရှုံးပွဲအပြင် ဆွေးနွေးပွဲမှာပါ တပန်းရှုံးခဲ့ပါတယ်။

လီဗာပူးလ် ၇-၀ မန်ချက်စတာယူနိုက်တက်ပွဲစဉ်အပြီးမှာ အဆိုပါပွဲနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာတော့ ဂရေမီဆောင်းနက်စ်နဲ့ ယူနိုက်တက်ကစားသမားဟောင်းဂယ်ရီနဗီးလ်နဲ့ ပြင်းပြင်းထန်ထန်အငြင်းအခုံဖြစ်ခဲ့ကြပါတယ်။ တဖက်နဲ့တဖက်အမြင်မတူခဲ့ကြဘဲ နဗီးလ်ကတော့ အသင်းဟောင်းရှုံးပွဲကြောင့် မျက်နှာမဖော်နိုင်ခဲ့သလို အငြင်းအခုံလုပ်ခဲ့မှုမှာလည်း တပန်းရှုံးခဲ့ပါတယ်။ 

ဒီဆွေးနွေးမှုမှာတော့ အဓိကအားဖြင့် ဆောင်းနက်စ်နဲ့ နဗီးလ်တို့ ထိပ်တိုက်တွေ့ခဲ့ကာ ကာရေဂါနဲ့ ရွိုင်ကိန်းတို့ကတော့ နားထောင်သူအဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။ တချက်တချက်မှာတော့ ကာရေဂါက ဝင်ရောက်ပြောဆိုမှုတွေလုပ်ခဲ့ပြီး သူနဲ့ ဆောင်းနက်စ်တို့ရဲ့ ပြောဆိုမှုတွေကြောင့် နဗီးလ်တယောက် မကြာခဏဆိုသလို အိုးတိုးအမ်းတမ်းတွေဖြစ်ခဲ့ရပါတယ်။ 

ဆောင်းနက်စ်က "ဂယ်ရီက ဒီနေ့ လီဗာပူးလ်ကစားပုံ ဆိုးရွားခဲ့တာလို့ ထင်နေတာ" လို့ စတင်ခဲ့ပြီး နဗီးလ်က "ကျနော် ဒီလိုမပြောခဲ့ပါဘူး" လို့ ပြန်လည်ငြင်းဆန်ခဲ့ပြီးနောက် ဆွေးနွေးမှုက အရှိန်တက်လာခဲ့ပါတယ်။ အပြန်အလှန်ပြောဆိုမှုတွေလုပ်ခဲ့ကြပြီး နဗီးလ်က ယူနိုက်တက်ရဲ့ အရှုံးကို ကာကွယ်ပေးနေခဲ့ပေမယ့် ဆောင်းနက်စ်ကတော့ သူ့ကို ဆက်တိုက်ထိုးနှက်နေခဲ့ပါတယ်။ 

ဆောင်းနက်စ်က "ယူနိုက်တက်က ပထမပိုင်းမှာ ပိုကောင်းတဲ့ အသင်းလို့ မင်းထင်နေတာလား" လို့ မေးခဲ့ရာမှာလည်း နဗီးလ်က "ဟုတ်တယ်" လို့ ခပ်ပြတ်ပြတ်ပဲ ပြန်ပြောခဲ့ပါတယ်။ နဗီးလ်ကပဲ ဆက်ပြီး "ဒုတိယပိုင်းကတော့ အရမ်းကို ဆိုးရွားလွန်းတယ်၊ ကလော့ပ်တောင်မှ ဒီပွဲက ၇-၀ လောက်ဖြစ်နိုင်တယ်လို့ ပြောမှာမဟုတ်ဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

ဒီအခါမှာ ဆောင်းနက်စ်က "ဟုတ်တယ်၊ တကယ်ဆိုရင် ၁၀ ဂိုးလောက် ပြတ်သွားရမှာ" လို့ ဝင်ထောက်ချိန်မှာတော့ နဗီးလ်တယောက် ဘာမှမတတ်နိုင်တော့ပါဘူး။ နဗီးလ်အတွက်တော့ ကံမကောင်းတဲ့ညတည ဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က