ဂရစ်ဇ်မန်းနဲ့ပတ်သက်လို့ အက်သလက်တီကိုက ပုံမှန်အတိုင်း ဆက်သွားနေတာပါ။

ဂရစ်ဇ်မန်းကိစ္စနဲ့ပတ်သက်လို့ ဘာစီလိုနာဘက်က အက်သလက်တီကိုအပေါ် တရားစွဲသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အက်သလက်တီကိုကတော့ ဂရစ်ဇ်မန်းနဲ့ပတ်သက်လို့ သူတို့ရဲ့မူဝါဒကို အခုချိန်ထိ မပြောင်းလဲသေးပါဘူး။ အဆိုပါပြင်သစ်လက်ရွေးစင်ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီ အငှားနဲ့လာကစားနေတာပါ။



လက်ရှိအချိန်မှာ ဂရစ်ဇ်မန်းရဲ့ အငှားစာချုပ်က နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေပါပြီ။ အငှားစာချုပ်ပြည့်သွားချိန်မှာ ဂရစ်ဇ်မန်းအနေနဲ့ အက်သလက်တီကိုအတွက် ပွဲကစားချိန် ဒါမှမဟုတ် ပွဲအရေအတွက်မှာ (၅၀) ရာခိုင်နှုန်းနဲ့အထက် ကစားပေးထားရင် အသင်းအနေနဲ့ ယူရိုသန်း (၄၀) နဲ့ မဖြစ်မနေ ခေါ်ယူရမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။ ဒါပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေးက များပြားလွန်းတယ်လို့ မက်ဒရစ်မြို့ခံအသင်းဘက်က ယူဆနေပါတယ်။

အက်သလက်တီကိုဟာ ပြီးခဲ့တဲ့နွေစျေးကွက်မှာတည်းက ဂရစ်ဇ်မန်းကို ယူရိုသန်း (၂၀) နဲ့ ခေါ်ယူဖို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာကတော့ ယူရိုသန်း (၄၀) သာ တောင်းဆိုခဲ့တဲ့နောက် အက်သလက်တီကိုဘက်က ဒီရာသီပွဲတိုင်းမှာ ဂရစ်ဇ်မန်းကို မိနစ် (၆၀) နောက်ပိုင်းမှ လူစားဝင်ကစားစေပြီး ဘာစီလိုနာကို ပညာပြလာခဲ့တာပါ။ ဘာစီလိုနာကလည်း ဂရစ်ဇ်မန်းရဲ့ စာချုပ်ကိစ္စက ပထမအငှားရာသီမှာတင် ပွဲကစားခွင့် (၈၀) ရာခိုင်နှုန်းကစားကာ အကျုံးဝင်သွားပြီလို့ ယူဆနေပြီး အခုရာသီက ပုံမှန်သက်တမ်းတိုးခွင့်နဲ့သာ သက်ဆိုင်တယ်လို့ ယုံကြည်နေပါတယ်။

အဲ့ဒါကြောင့်လည်း လာမယ့်နွေရာသီမှာ အက်သလက်တီကိုအနေနဲ့ ယူရိုသန်း (၄၀) မပေးချေဘူးဆိုရင် ဘာစီလိုနာဘက်က တရားစွဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမယ့် ဒီသတင်းတွေထွက်ပေါ်လာပြီး ပထမဆုံးကစားခဲ့တဲ့ ဆဲလ်တာဗီဂိုကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဂရစ်ဇ်မန်းကို ပွဲကစားချိန် (၆၃) မိနစ်မှသာ လူစားဝင်ကစားစေခဲ့ပြန်ပါတယ်။

ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဆီမြွန်နီ စိတ်ကြိုက်ကစားသမားတယောက်ပါ။ ဂရစ်ဇ်မန်းကလည်း ဝင်ကစားခွင့်ရချိန်တိုင်း ခြေစွမ်းပြနေပေမယ့် သူ့ကိုအပြီးသတ်ခေါ်ယူဖို့က အခက်တွေ့နေပြီး ဘာစီလိုနာဘက်က ခြိမ်းခြောက်နေသည့်တိုင် အက်သလက်တီကိုဘက်ကတော့ နည်းနည်းလေးတောင် မတုန်မလှုပ်နဲ့ သူတို့ရဲ့ပုံစံအတိုင်း ဆက်သွားနေခဲ့တာဖြစ်ပါတယ်။ 

ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရထားပေမယ့် ပြိုင်ပွဲစုံ (၆) ပွဲ ကစားပြီးချိန်မှာ အသင်းအတွက် (၃) ဂိုးသွင်းယူထားနိုင်ပါတယ်။ ဒီကစားသမားက ပြီးခဲ့တဲ့ (၂၀၁၉) မှာ အက်သလက်တီကိုကနေ ဘာစီလိုနာကိုပဲ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပြီး (၂၀၂၁) နွေရာသီမှာတော့ အသင်းဟောင်းကို (၂) ရာသီ အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က