ဘယ်လ်ဂျီယံက ဆွီဒင်ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ လူကာကူက ဟက်ထရစ်သွင်းကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ လူကာကူဟာ လက်ရွေးစင်အသင်းအတွက် ၂၀၂၁ အောက်တိုဘာလကတည်းက ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး ယူရိုခြေစစ်ပွဲတွေ ပြန်လည်စတင်ချိန်မှာတော့ ဂိုးတွေ ပြန်ရခဲ့ပြီး သူ့အပေါ် ဝေဖန်မှုတွေ အားလုံးကို တိတ်ဆိတ်စေခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ ဆွီဒင်အတွက် ဇလာတန်က လူစားဝင်ကစားပေးခဲ့ပြီး ယူရိုခြေစစ်ပွဲသမိုင်းတလျှောက် အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သတင်းတွေ အားလုံးကို လူကာကူက သွင်းဂိုးတွေနဲ့ လွှမ်းမိုးပစ်ခဲ့ပြီး ဘယ်လ်ဂျီယံအတွက် နိုင်ပွဲကို ရယူပေးနိုင်ခဲ့ပါတယ်။
အင်တာမီလန်မှာ အငှားကစားသမားဘ၀နဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ လူကာကူဟာ ရာသီကုန်ရင် ချယ်လ်ဆီးကို ပြန်သွားရတော့မှာဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း သူ့ကို အလိုမရှိတော့ဘဲ လူကာကူအတွက် ခက်ခဲတဲ့ အချိန်ကာလတွေကို ကျော်ဖြတ်နေရတာဖြစ်ပြီး ဒီလိုအချိန်မှာ လက်ရွေးစင်အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ဂိုးတွေသွင်းအပြီးမှာ လူကာကူက အားလုံးကို တိတ်တိတ်နေကြဖို့ အမူအယာနဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ အုပ်စုတွင်း အဓိကပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ရခဲ့လို့ ဘယ်လ်ဂျီယံအတွက်လည်း ဒါက ကျေနပ်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာ ဩစတြီးယားက အဇာဘိုင်ဂျန်ကို ၄-၁ နဲ့ အနိုင်ရပြီး အုပ်စုတွင်းအမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ပါတယ်။