ရုတ်တရပ် နှလုံးရောဂါ ထဖောက်တဲ့ အသက် ၇၁ နှစ်အရွယ် အဖိုးအိုတစ်ဦးဟာ ဒရုန်းကြောင့် အသက်ချမ်းသာရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဆွီဒင်က အဖိုးအိုတစ်ဦးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ဆီးနှင်းတွေ ရှင်းလင်းရေး လုပ်နေစဉ် နှလုံးရောဂါထ,ဖောက်ခဲ့တာ ဖြစ်ပြီး အနီးနားမှာ ရှိတဲ့ ဆရာဝန်က အရေးပေါ်CPR လုပ်ပြီး ကုသပေးခဲ့တာပါ။ ဒီလို ကုသပေးနေစဉ်မှာ နှလုံးနှိုးဖို့ လိုအပ်တဲ့ နှလုံးရှော့ခ်ရိုက်စက်ကို ဒရုန်းနဲ့ ပို့ပေးဖို့ ဆွီဒင်အရေးပေါ် ကူညီရေးနံပါတ်ကို ဘေးကလူက အကူအညီတောင်းပေးခဲ့တာလို့ Dronedj သတင်းက ဖော်ပြပါတယ်။
Photo: The Verge
သုံးမိနစ်လောက် အကြာမှာ နှလုံးရှော့ခ်ရိုက်စက် AED သယ်လာတဲ့ Everdrone UAV တစ်စင်းရောက်လာပြီး လူနာကို အမြန်အသက်ကယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နှလုံးဖောက်တဲ့ ဝေဒနာရှင်တွေဟာ ၁၀ မိနစ်အတွင်း အသက်ရှင်အောင် အမြန်ကုသပေးရတာပါ။ Everdrone ရဲ့ အရေးပေါ် ဆေးပစ္စည်းလေကြောင်းပို့ဆောင်ရေး EMADE ဝန်ဆောင်မှုဟာ ဒီလိုမျိုး အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက် အမြန်ဝန်ဆောင်မှုပေးနိုင်အောင် ဒီဇိုင်းထုတ်ထားတာလို့ ဆိုပါတယ်။
ဒရုန်းကိုတော့ SOS Alarm ၊ Region Vastra Gotaland နဲ့ ကာရိုလင်စကာအင်စတီကျူ့ဒ်် အသက်ကယ်သိပ္ပံစင်တာနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတာပါ။ အခုဖြစ်ရပ်ကတော့ ဆွီဒင်မှာ ပထမဆုံး နှလုံးဖောက်တဲ့ လူနာတစ်ဦးကို ဒရုန်းအကူအညီနဲ့ အရေးပေါ် အသက်ကယ်နိုင်လိုက်တာ ဖြစ်ပါတယ်။ EMADE ပရိုဂရမ်ဟာ လေးလကြာ ကနဦးစမ်းသပ်လေ့လာမှုတွေ လုပ်ထားစဉ်အတွင်း ဒရုန်းနဲ့ အကူအညီပေးရမယ့် နှလုံးရောဂါရှင် အကူအညီတောင်းမှု အသိပေးချက် ၁၄ ကြိမ် ရခဲ့တယ်လို့ ဆိုပါတယ်။
ဒီထဲက ၁၂ ကြိမ်အတွက် ဒရုန်းစေလွှတ်အကူအညီပေးခဲ့ပြီး နှလုံးရှော့ခ်ရိုက်စက်တွေကို ၁၁ ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် ပေးပို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ရှော့ခ်ရိုက်စက်တွေ ပို့တဲ့ ၁၁ ကြိမ်ထဲမှာ ၇ ကြိမ်က လူနာတင်ကားမလာခင် ပို့လွှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်၇ှိမှာ EMADE ဝန်ဆောင်မှုဟာ ဆွီဒင်မှာ နေထိုင်သူ ၂ သိန်းဆီ ရောက်ရှိနေပြီး ဒီနှစ်ထဲမှာ ဥရောပတခွင် ဝန်ဆောင်မှု တိုးချဲ့ဖို့လည်း စီစဉ်ထားပါတယ်။