ဆွီဒင်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဟာ ရာထူးခန့်အပ်ခံရပြီးနောက် နာရီပိုင်းမျှအကြာမှာပင် နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
မက်ဂ်ဒါလင်နာ အန်ဒါဆန် (Magdalena Anderson) ဟာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၄ ရက်) က ဆွီဒင်သမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော် နှစ်ပါတီညွှန့်ပေါင်းအစိုးရအဖွဲ့ဝင် မဟာမိတ်ပါတီဖြစ်တဲ့ Green ပါတီက အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားပြီး သူမရဲ့ ဘတ်ဂျက်မူကြမ်းကို လွှတ်တော်မှာ အတည်ပြုမပြုနိုင်ခဲ့ရာ အန်ဒါဆန်ဟာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် ၁၂ နာရီမပြည့်မီ ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။
(ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရစဥ်က အန်ဒါဆန်ကို တွေ့ရစဥ်) (Photo: Reuters)
ယခုအခြေအနေကြောင့် ဆွီဒင်နိုင်ငံရေးမှာ မသေချာ မရေရာမှုတွေ မြင့်တက်လာတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ မူလက အန်ဒါဆန်ရဲ့ Swedish Social Democratic ပါတီ (Sweden Democrats လို့ ခေါ်ဝေါ်ကြ) နဲ့ Green ပါတီတို့ဟာ မဟာမိတ်အဖြစ် ပူးပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အန်ဒါဆန်ဟာ သူမကို တစ်ပါတီ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်ရားထူး ပြန်လည်ခန့်အပ်ရန် လွှတ်တော်ကို ပြောထားပြီး အခြားပါတီတွေထံမှ အတန်အသင့် ထောက်ခံမှုရရှိမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ လွှတ်တော်က ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်မူကြမ်းကို ပယ်ချခဲ့ပြီးနောက် Green Party က အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
"ဝန်ကြီးချုပ်တာဝန်တွေကနေ ကျွန်မကို နုတ်ထွက်ခွင့်ပြုဖို့ လွှတ်တော်ကို ပြောခဲ့ပါတယ်၊ တစ်ပါတီ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ဖြစ်ဖို့ ကျွန်မ အဆင့်သင့်ပါပဲ" လို့ သတင်းစာရှင်းလင်းပွဲမှာ အန်ဒါဆန်က ပြောပါတယ်။ ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ နုတ်ထွက်သွားခဲ့တဲ့ Green ပါတီက လွှတ်တော်မှာ နောက်ထပ် မဲခွဲအတည်ပြုမှုတွေမှာ အန်ဒါဆန်ကို ထောက်ခံသွားမယ်လို့ ဆိုပါတယ်။
(ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် အန်ဒါဆန်) (Photo: Reuters)
ထို့အတူ Left ပါတီကလည်း အန်ဒါဆန်ကို ထောက်ခံမယ်လို့ ပြောထားပါတယ်။ Centre ပါတီကတော့ အန်ဒါဆန်အတွက် ဝန်ကြီးချုပ်ဖြစ်ရေး တံခါးဖွင့်ထားမယ်လို့ ပါတီခေါင်းဆောင် Annie Loof က Twitter မှာ ရေးသားခဲ့ပါတယ်။ အန်ဒါဆန်ဟာ လွှတ်တော်မှာ အနည်းစုဖြစ်တဲ့ ပါတီနှစ်ခု ညွှန့်ပေါင်းအုပ်စုရဲ့ ခေါင်းဆောင်အဖြစ် Left နဲ့ Centre ပါတီတို့ရဲ့ ထောက်ခံမှုဖြင့် ယခင်ဝန်ကြီးချုပ် Stefan Lofven ထံမှ အာဏာလွှဲပြောင်းရယူကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
သို့သော် လွှတ်တော်မှာ အန်ဒါဆန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ရဲ့ဘတ်ဂျက်မူကြမ်းကို ဆွေးနွေးအတည်ပြုခဲ့ရာ Centre ပါတီက ထောက်ခံရန်ငြင်းပယ်ခဲ့ရာမှ ညွှန့်ပေါင်းဖွဲ့ထားမှု အဆုံးသတ်ခဲ့ပါတယ်။ ယခုအခါ လွှတ်တော်ဥက္ကဌက အစိုးရအဖွဲ့သစ်ဖွဲ့စည်းရန် နောက်ထပ်ဆောင်ရွက်မယ့် အစီအစဥ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ သို့သော် အန်ဒါဆန်ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ရန်အတွက် လာမယ့် ရက်များအတွင်း မဲခွဲဆုံးဖြတ်သွားရန်သာ ဖြစ်နိုင်ခြေအများဆုံးလို့ ဆိုပါတယ်။
နောက်ဆက်တွဲသတင်းအရ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် အန်ဒါဆန်က ဝန်ကြီးချုပ်သစ် ပြန်ဖြစ်လာခဲ့ပြီး ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။