ကိုယ့်ကိုယ်ကိုယ်သတ်သေရာမှာ ကူညီပေးအောင် ဒီဇိုင်းထုတ်ထားတဲ့ နည်းပညာမြင့်အခေါင်းတွေကို ၂၀၂၂ ခုနှစ်က စပြီး ဆွစ်ဇာလန်မှာ တရားဝင်အသုံးပြုခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။
Sarco လို့ခေါ်တဲ့ စက်တွေဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရာမှာ သုံးဖို့အတွက် 3D Printed နည်းပညာနဲ့ ဒီဇိုင်းထုတ်ထားတဲ့ စက်တွေ ဖြစ်ပြီး ဆွစ်ဇာလန်ဥပဒေအရ တရားဝင်ခွင့်ပြုချက် ကျလာပြီလို့ Swiss Info သတင်းက ဖော်ပြထားပါတယ်။ ဒီစက်တွေကို လာမယ့် ၂၀၂၂ ခုနှစ်ကစလို့ ဆွစ်ဇာလန်နိုင်ငံမှာ အသုံးပြုခွင့်ပေးတော့မှာ ဖြစ်ပါတယ်။ Sarco စက်တွေကို ဒေါက်တာဖီးလစ် နစ်ခ်ရှဲလ်ခ် ဆိုသူက နယ်သာလန်နိုင်ငံမှာ ပုံစံထုတ်ခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ် လူနာကို သေဆေးထိုးရာမှာ ဆိုဒီယမ်အရည် Pentobarbital အရည်ထိုးသွင်းမှု သုံးနေပြီး Sarco ကတော့ ထိန်းချုပ်ဓါတုဆေးဝါးမသုံးဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အသက်သေဆုံးအောင် လုပ်ပေးနိုင်တယ်လို့လည်း Swiss Info က ဆိုပါတယ်။
"ဒီပစ္စည်းကို သုံးတဲ့သူတဲ့လူအတွက် အကျိုးကျေးဇူးတစ်ခုက ဘာခွင့်ပြုချက်မှ မလိုသလို ဆရာဝန်အကူအညီနဲ့ အပ်ထိုးသွင်းဖို့လည်း မလိုပါဘူး။ ဝယ်ရခက်တဲ့ဆေးတွေလည်း သုံးစရာမလိုပါဘူး" လို့ နစ်ခ်ရှဲလ်က ပြီးခဲ့တဲ့နှစ် Sarco စက်သရုပ်ပြုမှုမှာ ပြောသွားခဲ့ပါတယ်။
Sarco စက်ဟာ အခေါင်းပုံစံဖြစ်ပြီး အတွင်းမှာ သေကြောင်းကြံမယ့်သူကို ထားဖို့ နေရာလည်း ပါရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်လူဟာ အခေါင်းထဲ ဝင်လှဲပြီး စက်က မေးတဲ့မေးခွန်းတွေ ဖြေရမှာပါ။ ပြီးရင်တော့ ကိုယ်ကြိုက်တဲ့အချိန်မှာ သေဖို့ စက်ကို Activate လုပ်နိုင်မယ့် ခလုတ်ကို နှိပ်ရမယ်လို့ ဆိုပါတယ်။ စက်ထဲမှာ နိုက်ထရိုဂျင်လွှင့်နိုင်မယ့် ပစ္စည်းကိရိယာတစ်ခု တပ်ဆင်ထားပါတယ်။
နိုက်ထရိုက်ဂျင်ကြောင့် အောက်ဆီဂျင် Level ဟာ ၂၁ ရာခိုင်နှုန်းကနေ ၁ ရာခိုင်နှုန်းကို ကျသွားပြီး အထဲကလူဟာ သတိမေ့သွားမှာပါ။ ဒီနောက်မှာတော့ အသက်ရှုကြပ်တာ ၊ ကြောက်လန့်တကြား အသက်ထွက်တာမျိုး မဖြစ်စေဘဲ အသက်ထွက်အောင် ကူညီနိုင်မယ်လို့ ဆိုပါတယ်။
Photo: swissinfo
Regional Euthanasia Review Committees ဥက္ကဌ ဂျီယိုယန် ရီကော့တ် ရဲ့အဆိုအရ နယ်သာလန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်သူကို သေအောင် ကူညီပေးမှုတွေဟာ ကင်ဆာလိုမျိုး ရောဂါကြီးတွေ အသက်ကြီးပိုင်းတွေမှာ ပိုမြင့်တက်နေကြတယ်လို့ ဖော်ပြပါတယ်။ ၂၀၂၀ မှာ နယ်သာလန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသူ ၆၉၃၈ ဦးအထိ ရှိခဲ့ပြီး အရင်နှစ်ကထက် ၉% ပိုများလာတယ်လို့လည်း Dutch News ကဆိုပါတယ်။
နယ်သာလန် ၊ ဆွစ်ဇာလန် ၊ ဘယ်လ်ဂျီယမ် ၊ လူဇင်ဘတ်ခ် ၊ ကနေဒါ နဲ့ ကိုလံဘီယာတို့ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ခွင့်ပြုထားတဲ့နိုင်ငံတွေလည်း ဖြစ်ပါတယ်။