ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်းကြီး ရီယိုဖာဒီနန်က ဆွစ်ဇာလန်နဲ့ ယူရို ကွာတားဖိုင်နယ်ပွဲမှာ မိုင်နူးပွဲထွက်ခွင့်မရရင် ဂျာမနီကနေ လမ်းလျှောက်ပြန်မယ်လို့ ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ မနက်ဖြန်ညမှာ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ကစားရမှာပါ။
အုပ်စုအဆင့်မှာလည်း စိတ်ပျက်ဖွယ်ရာခြေစွမ်းနဲ့ ရှုံးထွက်အဆင့်ကို ရောက်လာခဲ့တဲ့ အင်္ဂလန်က ဆလိုဗက်ကီးယားနဲ့ပွဲမှာလည်း ဘယ်လင်ဟမ်ရဲ့ နောက်ကျချေပဂိုး၊ ဟယ်ရီကိန်းရဲ့ အချိန်ပိုပွဲကစားချိန်က သွင်းဂိုးတွေကြောင့် ကံကောင်းခဲ့တာပါ။
ကွာတားမှာ အင်္ဂလန်ရင်ဆိုင်ရမယ့် ဆွစ်ဇာလန်က လက်ရှိချန်ပီယံ အီတလီကို ဖြုတ်ချခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အင်္ဂလန်တို့ ဒီပွဲမှာလည်း ဆက်လက် ရုန်းကန်ရဦးမယ်လို့ အားလုံးက ယူဆထားကြပါတယ်။
ဒီပွဲနဲ့ပတ်သက်လို့ ဖာဒီနန်က “တကယ်လို့သာ ကိုဘီမိုင်နူးက ဆွစ်ဇာလန်နဲ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ဘူးဆိုရင် ကျနော် ဂျာမနီကနေ အင်္ဂလန်ကို လမ်းလျှောက်ပြန်မှာပါ။ တကယ်လုပ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
မိုင်နူးဟာ ပြီးခဲ့တဲ့ ရှုံးထွက်ပွဲအဖြစ် ဆလိုဗက်ကီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ အုပ်စုပွဲတွေမှာ အာနိုးလ်ကို ဒကလန်ရိုက်စ်နဲ့ ကွင်းလယ်မှာ တွဲဖက်ပွဲထုတ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။